ထန်တလန်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဘက်သေဆုံးမှုများ

RFA Burmese
2024.10.23
ထန်တလန်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဘက်သေဆုံးမှုများ ထန်တလန်မြို့တွင် မီးလောင်ကျွမ်းခဲ့သည့် အဆောက်အအုံများကို ၂၀၂၁၊ အောက်တိုဘာ ၃၀ ရက်နေ့တွင် တွေ့ရစဉ်။
The Chinland Post

ချင်းပြည်နယ် ထန်တလန်မြို့မှာ ချင်းပြည်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား မြို့သိမ်းတိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်သေဆုံးတာတွေ များတယ်လို့  CDF- ထန်တလန် တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ထန်တလန်မြို့သိမ်း တိုက်ပွဲကာလ နှစ်လကျော်လာပြီဖြစ်ပြီး ဒီရက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ငါးယောက်လောက် ဆုံးရှုံးခဲ့ရတယ်လို့ CDF-ထန်တလန် တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။ 

"သုံးရက်အတွင်း တော်တော်လေးကို ပြင်းထန်တဲ့ အခြေအနေဖြစ်တယ်၊ အဓိကနေရာက စစ်ကောင်စီရဲ့ခံစစ်နေရာဖြစ်တဲ့ NLD ရုံးနေရာမှာရယ်၊ ရဲစခန်းရယ်မှာ ဖြစ်တယ်၊ အခြားနေရာတွေမှာလည်းဖြစ်တယ်၊ CNA၊ CDF တပ်ပေါင်းစုဘက်က သုံးလေးရက်အတွင်းမှာ ငါးယောက်လောက်ကျဆုံးပြီး ဆယ်ယောက်အထက် ထိခိုက်ဒဏ်ရာရခဲ့တယ်၊ စစ်ကောင်စီဘက်ကလည်း ခြေပြတ် လက်ပြတ် သေဆုံးဒဏ်ရာ၊ အဲဒါမျိုး ၂၇ ယောက်လို့ ပြောတာပဲ"

ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းပြည်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန် စစ်ဦးစီးချုပ်အပါအဝင် သေဆုံးသူ နှစ်ဆယ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး ဟားခါးမြို့နယ်နဲ့ ထန်တလန်မြို့နယ်က စစ်ကောင်စီတပ်တွေကို Tilim Operation 4 အဖြစ် ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ အခုနောက်ပိုင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူပေးတာနဲ့ စစ်ကူပို့ပေးပြီး ထိုးစစ်ဆင်လာတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

ထန်တလန်မြို့ဟာ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဘက်စလုံးအတွက် စစ်ရေး၊ နိုင်ငံရေးအပြင် လမ်းပန်းဆက်သွယ်ရေးအရပါ အရေးပါတာကြောင့် နှစ်ဘက်စလုံးက အပြင်းအထန်တိုက်ခိုက်နေတာလို့ CDF- ထန်တလန်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လတ်တလော တိုက်ပွဲအခြေအနေအရ ချင်းတော်လှန်အဖွဲ့တွေ သိမ်းယူထားတဲ့ အော်တိုတောင် (တာဝါတိုင်) စခန်းကို စစ်ကောင်စီက ပြန်လည်ရယူဖို့ ကြိုးစားနေသလို မြို့ထဲမှာရှိတဲ့ NLD ရုံးနေရာကို လက်မလွှတ်ရဖို့ စစ်ကောင်စီက အပြင်းအထန်ခုခံနေတာလည်းဖြစ်ပါတယ်။

လက်ရှိ ထန်တလန်မြို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မြို့ လေးပုံ သုံးပုံ ပျက်စီးနေပြီလို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးတယ်ဆိုတာနဲ့ လေကြောင်းသုံးတိုက်ခိုက်တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။