နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး ဖမ်းမိခဲ့ကြောင်း CDF- Asho ထုတ်ပြန်

RFA Burmese
2025.01.16
နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး ဖမ်းမိခဲ့ကြောင်း CDF- Asho ထုတ်ပြန် စ်ကောင်စီတပ်နှင့် တိုက်ပွဲများအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က CDF - Asho အဖွဲ့က ထုတ်ပြန်ထားစဉ်။
Photo: CDF - Asho

ရခိုင်ပြည်နယ် အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF-Asho)က တိုက်ပွဲတွေကနေ စစ်ကောင်စီတပ်သား ၁၂ ဦး ဖမ်းမိခဲ့တယ်လို့ CDF-Asho က ဇန်နဝါရီ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

အမ်းမြို့နယ်ထဲက ရွာတွေမှာ နေရာယူထားတဲ့တပ်တွေက ထွက်ပြေးလာတဲ့သူတွေကို ဖမ်းမိတာလို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့  (CDF - Asho) ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

"အမ်းကနေ မကွေးတိုင်းကိုလာတဲ့ အမ်း-ပဒါန်းလမ်းပေါ်မှာရှိတဲ့ ချင်းရွာတွေကို အခြေပြုပြီးတော့ တပ်စွဲထားတဲ့ ရွာအခြေပြုတပ်စခန်းတွေက ရှိနေပါသေးတယ်။ အဲဒါတွေ ကျန်နေတဲ့အတွက်ကြောင့် ရွာတွေက ပြေးလာတာမျိုးတွေပါ။ တိုက်ပွဲဖြစ်တာမျိုးရှိသလို ဒီအတိုင်း တပ်စခန်းကို စွန့်ခွာထွက်ပြေးတဲ့ တပ်သားတွေလည်းရှိတယ်။ ပုံစံမျိုးစုံပါ"

ဇန်နဝါရီ ၁၃ နဲ့ ၁၄ နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကို သုံ့ပန်းအနေနဲ့ ဖမ်းဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်းတွေ သိမ်းယူနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၁၃ ရက်က အမ်းမြို့နယ်၊ ကြက်ရေစမ်းရွာအနီးက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာအနီးအရောက်မှာ လက်နက်မချတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ အဲဒီထဲက နှစ်ဦးဟာ ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့ပေမဲ့ ဆေးကုသနေချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီး တိုက်ပွဲက ထွက်ပြေးလာတဲ့ အင်အားတစ်ရာလောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး ကပစ - ၁၄ အနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦး သေဆုံးခဲ့တဲ့အပြင် ရှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

ဇန်နဝါရီ ၅ ရက်နေ့ကလည်း အမ်းမြို့နယ် တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း CDF - Asho က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။