ရေဇွာမြို့ကို သိမ်းပိုက်လိုက်ကြောင်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေပြော

RFA Burmese
2023.11.29
ရေဇွာမြို့ကို သိမ်းပိုက်လိုက်ကြောင်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေပြော ရေဇွာမြို့အဝင်နေရာအား တွေ့ရစဉ်။
Citizen Journalist

[Update: 12:52 AM, Nov 30, 2023]

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နိုဝင်ဘာလ ၂၉ ရက် ဒီနေ့မနက်မှာ သိမ်းပိုက် နိုင်ခဲ့တယ်လို့ (CDF) ဇိုတုန်ပြောရေးဆိုခွင့်ရှိသူက RFA ကိုပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ငါးဆယ်ခန့်ရှိတဲ့ ရေဇွာတပ်စခန်းကို နိုဝင်ဘာ၂၅ ရက် ကနေ နိုဝင်ဘာ ၂၉ အထိ လေးရက် တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား ၁၁ ဦးလည်း လက်နက်ချခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ဇိုတုန်ပြောရေးဆိုခွင့်ရှိသူက RFA ကိုပြောပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ (CDF) ဇိုတုန်က ဦးဆောင်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက်မှာ သိမ်းပိုက်လိုက်တာပါ။ လက်ရှိတော့ မြို့ကို ကျွန်တော်တို့ ထိန်းချုပ်ထားပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးတာ ရှိပါတယ်”

အဲဒီတိုက်ပွဲမှာ မဟာမိတ် ချင်းကာကွယ်ရေးပူးပေါင်းတပ် (Chin Defence Force) တွေဖြစ်တဲ့ ဇိုတုန်၊ ဇိုဖေ၊ မရာ၊ လောက်တူ၊ ဆဲန်ထန်၊ ၊ မတူပီနဲ့ ချင်း အမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး CDF ဇိုတုန်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ CDF မရာ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း နိုဝင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ် နှစ်ဆယ်ထက်မနည်း လာရောက် ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

တိုက်ပွဲတွေကြောင့် ရေဇွာမြို့မှာရှိတဲ့ ဒေသခံ သုံးထောင်နီးပါးကတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက ဘေးလွတ်ရာ တောတောင်တွေနဲ့ ရွာတွေထဲကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


(မှတ်ချက်။ ဤသတင်းတွင် CDF ဆဲန်ထန် အဖွဲ့အမည်ကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။