ထန်တလန်တိုက်ပွဲမှာ စစ်ကောင်စီ ဒုဗိုလ်မှူးကြီးအပါအဝင် ဆယ်ဦးထက်မနည်း သေဆုံး
2024.11.08
ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေမှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၈ ရက်နေ့ထိ တစ်ပတ်အတွင်း စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ထန်တလန်မြို့ NLD ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ နိုဝင်ဘာလ ၄ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီး သေဆုံးခဲ့တာတာလို့ ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“သိပ်မကြာသေးဘူး ဟားခါးကနေ ထန်တလန်ကို စစ်ကူလာတဲ့ ဒုတိယဗိုလ်မှူးကြီးပေါ့၊ ထန်တလန် NLD ရုံးမှာ ကျွန်တော်တို့ဘက်က လက်ဖြောင့်စနိုက်ဘာသမား ပစ်လိုက်တာပေါ့ သေဆုံးသွားတယ်၊ နာမည်နဲ့ အသက်အရွယ်တော့ မသိရသေးဘူး။ နိုဝင်ဘာ ပထမပတ်အတွင်း အနီးကပ်တိုက်ပွဲအတွင်းမှာလည်း သူတို့ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တာရှိပါတယ်”
စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအပါအဝင် တပ်ဖွဲဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်တာတွေရှိခဲ့ပေမဲ့ ဒီတလော တိုက်ပွဲတွေမှာ သေဆုံးတာ မရှိခဲ့ဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ဟားခါးမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်အင်အား နှစ်ရာကျော်ဟာ ထန်တလန်မြို့တွင်းမှာ တပ်ဖြန့်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDF ဟားခါးအဖွဲ့ရဲ့ ပြောခွင့်ရသူက RFA ကို ပြောထားပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
အောက်တိုဘာ ၂၈ ရက်နေ့ကလည်း ဟားခါးမြို့နဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကိမ်တန် (Kiamtlan) စခန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်တစ်ဦး အပါအဝင် စစ်သုံ့ပန်းလေးဦးကို ဖမ်းဆီးထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က စတင်တဲ့ ထန်တလန် မြို့သိမ်းတိုက်ပွဲဟာ အချိန် သုံးလကျော်လာပြီး ထန်တလန်မြို့ပေါ်နဲ့ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီ တပ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ဒီတိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က CDF ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ခြောက်ဆယ်ခန့် သေဆုံးခဲ့တယ်လို့ CDF ဟားခါးအဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။