ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၊ လီလောင်းကျေးရွာက အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဇန်နဝါရီလ ၉ ရက်နေ့ညမှာ စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ပြောပါတယ်။
သေဆုံးသူဟာ လီလောင်းကျေးရွာ မင်းတပ်-မတူပီ ကားလမ်းအနီးမှာ နေထိုင်တဲ့ အသက် ၁၇နှစ်အရွယ် မဟာသီ ဆိုတဲ့ မိန်းကလေးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကြောင်းထိုးပြီး ပြန်လှည့်လာတဲ့ ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မဟာသီတို့ ညီအစ်မ ထွက်ပြေးတာကို မြင်တာကြောင့် သေနတ်နဲ့လှမ်းပစ်ခဲ့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲဒီစစ်သားတွေက စစ်ကြောင်းထိုးချိန် သူ့အဖေကို အတင်းကူလီထမ်းခေါ်သွားတာ။ အဲဒီ ၉ ရက်နေ့က သူ့အဖေက စစ်သားတွေဆီက ထွက်ပြေးလာတာ။ သူတို့အိမ်နားကို စစ်သားတွေက ပြန်လာချိန်မှာ ထွက်ပြေးကြတာ။ ညီအစ်မနှစ်ယောက်စလုံး မှန်သွားတာ။ မဟာသီက သေသွားတယ်။ သူ့အစ်မက နည်းနည်းထိသွားတယ်"
မဟာသီဟာ မျက်နှာကို ကျည်ထိမှန်ခဲ့သလို ရင်ဘတ်ကနေ ကျောဘက်ကို ကျည်ထိမှန်ခဲ့ပြီး အစ်မဖြစ်သူကတော့ နဖူးမှာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို ချင်းပြည်နယ် စစ်ကောင်စီရဲ့ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
လီလောင်းကျေးရွာဟာ မင်းတပ်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်ခန့် ဝေးပြီး အိမ်ခြေ ၅၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးသူ အရပ်သား၃၅၅ ဦး ရှိတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။