စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကန်ပက်လက်ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးနေရ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့နဲ့ မကွေးတိုင်းဆောမြို့ အကြားက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကုန်းကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် အရပ်သား နှစ်ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၂၀ ရက် ဒီနေ့ ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ကန်ပလက်ဒေသက ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် မဆာတွီရွာကို လေကြောင်းက ဗုံးကြဲတာကြောင့် လူနေအိမ် ငါးလုံးနဲ့ ဘုရားကျောင်းတစ်ခု ပျက်စီးခဲ့တာပါ။

အဲဒီနောက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက် တိုက်ပွဲဖြစ်ရာ အနီးတစ်ဝိုက်ရွာတွေက အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ ကန်ပက်လက်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာကိုလေကြောင်းနဲ့ တိုက်လာကတည်းက ကြောက်လို့ ထွက်ပြေးနေတယ် အခုထိပေါ့။ ကျင်ဒွေးမြို့နဲ့ မကွေးတိုင်းဆောမြို့ကြားကရွာတွေ အားလုံးရှောင်နေရတယ်။ ‌နီးစပ်ရာ တောတောင်တွေမှာ ရှောင်ရတာပေါ့။ မနေ့ကလည်း လေကြောင်းနဲ့ မတိုက်တော့ ပေမယ့် တိုက်ပွဲက ပြင်းထန်တယ်”

တောတောင်တွေထဲ ထွက်ပြေးနေရတဲ့အတွက် အမိုးကာနဲ့ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်အင်အားဖြည့်ဖို့ ဇူလိုင်လ ၁၆ ရက်နေ့ကတည်းက မကွေးတိုင်းကနေ သံချပ်ကာကား နှစ်စီး၊ စစ်ကားအစီး ၂၀၊ အင်အား ၃၀၀ နီးပါးနဲ့ စစ်ကြောင်းတက်လာတာလို့ ကန်ပက်လက်ဒေသက ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်က ဒေသခံငါးသောင်းကျော် ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။