TNLA ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်တွေကို တရုတ် ဆက်လက်ပိတ်ထား

RFA Burmese
2025.01.25
TNLA ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်တွေကို တရုတ် ဆက်လက်ပိတ်ထား ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တရုတ်နိုင်ငံဘက်က ကိုးကန့်ဒေသအတွင်းက နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ထိစပ်နေတဲ့ နမ့်ခမ်း နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ဆက်လက်ပိတ်ထားတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ဇန်နဝါရီလ ၂၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

“ကျွန်မတို့နဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကိုတော့ ဖွင့်တာ မရှိသေးပါဘူး။ ဆက်ပြီး ပိတ်ထားပါတယ်။ ကုန်တွေလည်း ဝင်လာတာ မရှိပါဘူး”

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ တရုတ်နိုင်ငံဘက်က စက်သုံးဆီ၊ ဆေးဝါး၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းတွေ သယ်ယူခွင့်ကို ၂၀၂၄ သြဂုတ်လမှာ ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်တွေကို ဆက်လက်ပိတ်ထားတာဟာ စစ်ကောင်စီတပ်နဲ့ TNLA တို့ကြား ဆွေးနွေးပွဲ မပြီးပြတ်သေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ရှမ်းပြည် နိုင်ငံရေး အခြေအနေ လေ့လာသူ ဦးဖိုးဝက ပြောပါတယ်။

“ကိုးကန့်နဲ့ပဲ အပစ်ရပ်သေးတာ။ အဲတော့ ကိုးကန့်နယ်စပ်ပဲဖွင့်တာ။ တအာင်းနဲ့ နယ်စပ်က မဖွင့်သေးဘူး။ ကုန်တွေတော့ တအာင်းနဲ့ ဆွေးနွေးပြီး အဖြေရမှ ဖြေလျှော့မဲ့သဘောရှိတယ်”

စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ အပစ်ရပ်ပြီး ၂၀၂၅ ဇန်နဝါရီလ ၂၀ ရက်နေ့ကစလို့ တရုတ်ဘက်က ကိုးကန့်ဒေသ ချင်းရွှေဟော်နယ်စပ်ဂိတ်၊ လောက်ကိုင်မြို့နယ် ရန်လုံကျိုင်းနယ်စပ်ဂိတ်နဲ့ မုံးကိုး နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်က စားသောက်ကုန်နဲ့ လူဝင်လူထွက် ကန့်သတ်ထားတာကို ဖြေလျှော့ပေးထားပေမဲ့ စက်သုံးဆီကိုတော့ သယ်ခွင့်မရသေးဘူးလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လောက်ကိုင် ဒေသခံတစ်ဦးက ပြောပါတယ်။

“ဂိတ်ဖွင့်လိုက်ပြီးတော့ ဟင်းသီးဟင်းရွက်တွေ၊ စားသောက်ကုန်တွေ သယ်လို့ရပြီ။ ဆီက လုံး၀မရသေးဘူး။ ဓာတ်ဆီ၊ ဒီဇယ် လုံးဝမရသေးဘူး။ ဆက်ပြီး ပိတ်ထားတယ်”

ဒေသတွင်း နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကိုင်ထားသူတွေအနေနဲ့ တရုတ်နိုင်ငံအတွင်း ဝင်ရောက်ဈေးဝယ်ခွင့် ပေးထားတယ်လို့ သူက ပြောပါတယ်။ ဒေသခံမဟုတ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုတော့ နယ်စပ်ဖြတ်သန်းခွင့် မပေးထားဘဲ ခိုးဝင်တာမျိုးတွေ့ရင် တရုတ်ရဲက ဖမ်းဆီးဒဏ်ရိုက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်တို့ အပစ်ရပ်ပြီးနောက် ကိုးကန့်ဒေသနဲ့ UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်တဲ့ဒေသ နယ်စပ်ဂိတ်တွေကနေ ကုန်ဖလှယ်ခွင့် ကန့်သတ်ထားတာကို တရုတ်ဘက်က ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပုံမှန် ကုန်စည်ရောင်းဝယ်ခွင့် ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။