ချီဖွေမြို့နယ် ဖီမော်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ယာယီပိတ်
2024.11.05
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ချန်းမော်ခုန်းဒေသမှာရှိတဲ့ ဖီမော် တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က နိုဝင်ဘာလ ၃ ရက်နေ့ကစလို့ ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖီမော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက်တစ်ရက်မှာပဲ တရုတ်နိုင်ငံဘက်က ပိတ်ထားလိုက်တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြို့သိမ်းပြီးမှ ပိတ်လိုက်တာ ဟုတ်တယ်။ ချန်းမော်ခုန်းဒေသမှာလည်း မြေရှားသတ္တုတူးတာ အများကြီးပဲ။ မြေရှားတူး အဲဒီဘက်ထွက်တာ။ မြေရှားတူးတဲ့နေရာမှာလိုတဲ့ ပစ္စည်းတွေလည်း အဲဒီကပဲ ဝင်လာတာဟုတ်တယ်"
တရုတ်အာဏာပိုင်တွေရဲ့ နိုဝင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ဖို့နဲ့ စစ်ဆေးရေးစနစ် အဆင်မြှင့်တာတွေလုပ်ဖို့အတွက် ယာယီပိတ်ထားတယ်လို့ ဖော်ပြပါတယ်။
တရုတ်-မြန်မာ နယ်စပ်ဂိတ်ရှိတဲ့ ချီဖွေခရိုင်၊ ပန်ဝါမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပြီးတဲ့ KIA ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တချို့ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီ ကစပြီး တရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်မှာရှိတဲ့ ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ကန်ပိုက်တီ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်နဲ့ မံဝိန်းကြီး စတဲ့ နယ်စပ်ဂိတ်ကြီးငယ် ၁၁ ခုအနက် ကန်ပိုက်တီဂိတ်တစ်ခုကလွဲလို့ ကျန်ဂိတ်တွေမှာ ဖြတ်သန်းမှုတွေ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။
နယ်စပ်ဂိတ်တွေပိတ်ထားတာကြောင့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား အပါအဝင် မြို့နယ်တချို့မှာ စက်သုံးဆီနဲ့ စားသောက်ကုန်ဈေးနှုန်းတွေလည်း တက်လာနေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံထဲကို စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။