တရုတ်နိုင်ငံခြားရေးဝန်ကြီး ရာထူးက ဖယ်ရှားခံရ

RFA Burmese
2023.07.25
တရုတ်နိုင်ငံခြားရေးဝန်ကြီး ရာထူးက ဖယ်ရှားခံရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုသို့ တက်ရောက်လာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း။
AFP

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကို တရုတ်ကွန်မြူနစ်အစိုးရက ဇူလိုင်လ ၂၅ ရက်နေ့မှာ ရာထူးကနေ ဖယ်ရှားလိုက်ပြီး သူ့နေရာကို အရင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယိကို ပြန်အစားထိုးခန့်အပ်လိုက်ပါတယ်။

မစ္စတာချင်ကန်းကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့သတင်းကို တရုတ်ပိုင် အသံလွှင်ဌာန CCTV က ညနေခင်းသတင်းမှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဘာအကြောင်းပြချက်နဲ့ ဖယ်ရှားခဲ့သလဲဆိုတာကိုတော့ ထည့်သွင်း ကြေညာခြင်း မရှိပါဘူး။

နိုင်ငံခြားရေးဝန်ကြီး ရာထူးက ဖယ်ရှားခံရတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတရာ သတင်းထုတ်ပြန်တာမရှိခဲ့သလို အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ ဝန်ကြီးဌာန နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာလည်း မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခဲ့တာ မရှိပါဘူး။

အခုလို မစ္စတာချင်ကန်းကို ရာထူးက ဖယ်ရှားတာဟာ သူဦးဆောင်ရပ်တည်ခဲ့တဲ့ တင်းမာတဲ့ တရုတ်နိုင်ငံခြားရေးမူဝါဒအပေါ် ဝေဖန်မှုတွေပေါ်လာအပြီး အခုလို ရာထူးအပြောင်းလဲဖြစ်လာတာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်ထောက်ဟောင်းနဲ့ အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း ဖြစ်ခဲ့သူ အသက် ၅၇ နှစ်အရွယ် မစ္စတာချင်ကန်းဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီးရာထူး ခန့်အပ်ခံခဲ့ရပြီး အခုနှစ် ဇွန်လ ၂၅ ရက်နေ့နောက်ပိုင်း တရုတ်နိုင်ငံကို အလည်အပတ်ရောက်လာတဲ့ နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံနိုင်ခြင်း မရှိတော့ဘဲ လူမြင်ကွင်းကနေ တစ်လလုံးလုံးပျောက်နေခဲ့ပါတယ်။

china-mah.jpg
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang)နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂ဝ၂၃ ခုနှစ် မေလ ၂ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ (Photo: Myanmar Military)

ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးကနေ ဖယ်ရှားထုတ်ပယ်ခံရတယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပေမယ့် အသေးစိတ်မဖော်ပြထားဘဲ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီတွင်းခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုလားလို့ အများက ထင်ကြေးပေးနေကြပါတယ်။

သူ့နေရာကို ဆက်ခံမယ့် အသက် ၆၉ နှစ်အရွယ် မစ္စတာဝမ်ယိကတော့ အမေရိကန်-တရုတ် အားပြိုင်မှုအတွင်း အမေရိကန်နဲ့ ဆက်ဆံရေးပျက်ခဲ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဦးဆောင်ပြီး ၂ဝ၁၃ ကနေ ၂ဝ၂၂ ခုနစ်အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းဟာ ပြီးခဲ့တဲ့မေလက မြန်မာနိုင်ငံကို လာရောက်ပြီး အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။

ဇူလိုင်လဆန်းပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးကိုလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ မစ္စတာချင်ကန်း တက်ရောက်မလာဘဲ မစ္စတာဝမ်ယိသာ တက်‌ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။