တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ MNDAA ထုတ်ပြန်
2024.07.30
တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကိုးကန့်တပ်မတော် (MNDAA) က ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ကောင်းမွန်စွာဆွေးနွေးပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ထမ်းတွေကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့နဲ့ တရုတ်ရဲ့ အကျိုးအမြတ်ကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို တွေ့ရှိပါက MNDAA စစ်ရေးကော်မတီကို အချိန်မှီတင်ပြဖို့လည်း ရေးသားထားပါတယ်။
တိုက်ပွဲတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပျက်စီးတာတွေကို ရှောင်ရှားဖို့နဲ့ လွတ်မြောက်နယ်မြေရောက် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုပြီး MNDAA စစ်ရေးကော်မတီကနေ ထုတ်ပြန်လိုက်တာပါ။
တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးနစ်နာမှုကနေ အတတ်နိုင်ဆုံး တားဆီးထိန်းသိမ်းပေးဖို့နဲ့ ပြည်သူလူထုနဲ့ နိုင်ငံခြားသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်မြေပြင်မှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို အချိန်မီကယ်ထုတ်ကြဖို့နဲ့ ဒဏ်ရာရနေတဲ့ တရုတ်နိုင်ငံသားတွေ အခက်အခဲကြုံနေတာ ဒါမှမဟုတ် ကုမ္ပဏီတိုက်ခိုက်ခံရတာတွေ့ရှိပါက ကူညီကယ်တင်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီထုတ်ပြန်ချက်အသေးစိတ်နဲ့ ပတ်သက်ပြီးသိရဖို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီးနဲ့ အမှတ် (၉) ရပ်ကွက်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ဇူလိုင်လ ၃၀ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MNDAA က လားရှိုးမြို့ရဲ့ နေရာအများစုကို သိမ်းပိုက်ထားနိုင်ကြောင်း ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရတာ မရှိသေးကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning က တရုတ်နယ်စပ်တွေ၊ နယ်စပ်ဒေသတွေမှာနေထိုင်သူတွေ၊ မြန်မာပြည်တွင်းက တရုတ်စီမံချက်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိပါးအောင်မလုပ်ဖို့ ဇူလိုင် ၂၅ ရက်က တောင်းဆိုထားပါတယ်။