ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေ ပြန်ဆောက်ခွင့်မရသေးကြောင်း BHRN ပြော

ပျဉ်းမနားမြို့မှာ ဗလီ အနည်းဆုံး ရှစ်လုံး ပျက်စီးခဲ့ပြီး ပြန်တည်ဆောက်ခွင့် မရသေးတာကြောင့် ယာယီဝတ်ပြုဆောင်တွေမှာပဲ ဝတ်ပြုနေရ။

၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေနဲ့ အစ္စလာမ်ဘာသာရေးအဆောက်အအုံတွေကို စစ်တပ်ခန့်အစိုးရက အကြောင်းအမျိုးမျိုးနဲ့ ကန့်သတ်ထားတာကြောင့် အချိန်တစ်နှစ်ခွဲကျော်တဲ့အထိ ပြုပြင်ဖို့နဲ့ ပြန်လည်တည်ဆောက်ဖို့ ခွင့်ပြုချက်မရသေးဘူးလို့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) က ပြောပါတယ်။

စစ်တပ်ခန့်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ဆိုင်တဲ့ ကန့်သတ်ချက်တွေနဲ့ ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် အခက်အခဲတွေ ကြုံနေရတယ် BHRN အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။

“ဗလီတွေက အဆင့်သုံးမျိုး ခွဲထားတာပေါ့။ တချို့ဗလီတွေက လုံးဝ ဖတ်လို့မရတဲ့ အနေအထားတွေရှိတယ်။ တချို့က ဖြိုဖို့လိုနေပြီဆိုတဲ့ဟာတွေရှိတယ်။ တချို့က အနည်းအကျဉ်း ထိခိုက်တာတွေရှိတယ်ပေါ့နော်။ တချို့နေရာတွေမှာဆိုရင် ဗလီတွေ ပြိုပျက်နေတဲ့ဟာ ဖြိုခွင့်တောင် မရဘူး။ ပြန်တည်ဆောက်ခွင့်ဆိုတာ ဝေးလာဝေး”

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ် ၂၉ ခုမှာ ဗလီတွေနဲ့ အခြားအစ္စလာမ်ဘာသာရေးအဆောက်အအုံ အနည်းဆုံး ၁၈၀ ထိခိုက်ပျက်စီးခဲ့တယ်လို့ BHRN ရဲ့ အောက်တိုဘာ ၇ ရက်နေ့ကထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ငလျင်ကြောင့် ဘာသာရေးအဆောက်အအုံတွေ ပြိုကျလို့ အစ္စလမ်ဘာသာဝင် အနည်းဆုံး ၆၇၀ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေ ပြန်ဆောက်ခွင့်မရသေးကြောင်း BHRN ပြော
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေ ပြန်ဆောက်ခွင့်မရသေးကြောင်း BHRN ပြော ၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗလီများကို တွေ့ရစဉ်။ (BHRN)

အစီရင်ခံစာအရ မန္တလေးတိုင်းမှာ ပြန်လည်ပြုပြင်ခွင့် လျှောက်ထားတဲ့ ဗလီ ၇၀ ကျော်ထဲမှာ စက်တင်ဘာလအထိ လေးလုံးသာ ပြုပြင်ခွင့်ရခဲ့ပြီး အသစ်ပြန်လည်တည်ဆောက်ခွင့်ရတဲ့ ဗလီတစ်လုံးသာရှိကြောင်း ဗလီဂေါပကတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့မှာလည်း ငလျင်ကြောင့် ဗလီ အနည်းဆုံး ရှစ်လုံး ပျက်စီးခဲ့ပြီး ပြန်လည်တည်ဆောက်ခွင့် မရသေးတာကြောင့် အစ္စလာမ်ဘာသာဝင်တွေဟာ ယာယီဝတ်ပြုဆောင်တွေမှာပဲ ဝတ်ပြုနေရတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြန်ဆောက်ဖို့ဆိုတာက ဘာမှကို အသံမကြားတာ။ တင်တော့ တင်ထားကြတာပေါ့နော်။ ဒါပေမဲ့ ပြန်မကျလာဘူး ဒီအတိုင်းကြီးပဲ။ အပျက်အစီးတွေရှင်းထားပြီးတော့ တဲထိုးပြီးတော့ ဝတ်ပြုကြတာပေါ့”

ငလျင်မလှုပ်ခင်ကတည်းက ဗလီတချို့မှာ မိုးယိုစိမ့်တာ၊ နံရံနဲ့ တိုင်တွေ အက်ကွဲတာ၊ အဆောက်အအုံကြံ့ခိုင်မှု အားနည်းလာတာတွေ ရှိနေပေမဲ့ အကြီးစားပြုပြင်ဖို့ ဒါမှမဟုတ် ပြန်လည်တည်ဆောက်ဖို့အတွက် အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရဖို့ နှစ်နဲ့ချီ စောင့်ဆိုင်းရတာ၊ ခွင့်ပြုချက်မရတာတွေ ရှိခဲ့တယ်လို့ BHRN က ဆိုပါတယ်။

BHRN ဟာ ဒီအစီရင်ခံစာအတွက် ဗလီဂေါပကတွေ၊ ရပ်ရွာကိုယ်စားလှယ်တွေ၊ ရှေ့နေတွေ၊ ဆောက်လုပ်ရေးပညာရှင်တွေနဲ့ အစ္စလာမ်ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် စုစုပေါင်း ၁၈ ဦးကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေ ပြန်ဆောက်ခွင့်မရသေးကြောင်း BHRN ပြော
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေ ပြန်ဆောက်ခွင့်မရသေးကြောင်း BHRN ပြော ၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗလီများကို တွေ့ရစဉ်။ (BHRN)

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်တပ်ခန့်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းနဲ့ မန္တလေးမြို့တွေ အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ လူပေါင်း ၃,၈၀၀ ကျော် သေဆုံးပြီး အခြေခံအဆောက်အအုံ သောင်းနဲ့ချီ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ထားပါတယ်။