အာဆီယံအဖွဲ့ကြီးရဲ့ ချဥ်းကပ်ပုံနည်းလမ်းသစ်ကြောင့် မြန်မာစစ်ခေါင်းဆောင်ပိုင်းကို ဆွေးနွေးညှိနှိုင်းရေး လမ်းပေါ်ခေါ်လာနိုင်တာ တွေ့ရပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှု တိုးလာခြင်းအားဖြင့် အကျိုးရှိ တာတွေ တွေ့မြင်လာရတယ်လို့ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ပြောကြားလိုက်ပါတယ်။
စင်္ကာပူအခြေစိုက် The Straits Times သတင်းစာနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှာ အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
“ဘုံသဘောတူညီချက် ၅ ရပ်ဟာ လုံးဝ မှန်ကန်တဲ့ မူဝါဒဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်မဖြစ်တာ တစ်ခုပါပဲ။ အခု အရွေ့တစ်ခုဖြစ်လာတာဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အလှည့်ကျဥက္ကဋ္ဌ အနေနဲ့ မေလတုန်းက စီဘူးမြို့ အာဆီယံထိပ်သီး ညီလာခံမှာ ကျွန်တော်ကပဲ ချဥ်းကပ်မှုနည်းလမ်းသစ်တစ်ခု လိုအပ်နေပြီလို့ အဆိုပြုခဲ့တာပါ။”
စစ်အာဏာသိမ်းအပြီး စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူအများအပြား သေဆုံးခဲ့ရသလို ပြည်သူတွေ အိုးအိမ်စွန့်ခွါထွက်ပြေးနေရတဲ့အတွက် စစ်တပ်ခန့်အစိုးရကို တရားဝင် အသိအမှတ်မပြုရေးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဖယ်ကြဥ်ထားရေး တောင်းဆိုဝေဖန်မှုတွေရှိနေပါတယ်။ ဒါပေမယ့် ထိတွေ့ဆက်ဆံမှုမရှိဘဲ ဖယ်ကြဥ်ထားတဲ့ နည်းလမ်းဟာ အလုပ်မဖြစ်တဲ့ အတွက် အပြောင်းအလဲ လုပ်ရတာလို့လည်း ဖိလစိပိုင်သမ္မတက ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတရဲ့ ဖြေကြားမှုဟာ စစ်တပ်ခန့်အစိုးရအကြီးအကဲ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံကို ခရီးထွက်အပြီးနဲ့ အမေရိကန်အစိုးရက တိုက်ရိုက် ထိတွေ့ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်လည်းဖြစ်ပါတယ်။
“ဘာမှ ဖြစ်မလာတဲ့အတွက် တစ်ခြားနည်းလမ်းတစ်ခုခုတော့ ပြောင်းလဲဖို့ တန်နေပြီဆိုတာ ကျွန်တော်တို့ သိပါတယ်။ အခုဆိုရင် မြန်မာအကြီးအကဲဟာ မလေးရှားနိုင်ငံကို အလည်အပတ် သွားတာ တွေ့ရကြောင်း၊ အလားတူ ကမ္ဘောဒီးယားနိုင်ငံကို သွားခဲ့ကြောင်း၊ ဒီလိုအဖြစ်အပျက်ဟာ အရင်က မရှိခဲ့တဲ့ အခြေအနေ ပြောင်းလဲမှုပါ။”
တစ်ဖက်မှာလည်း “အာဆီယံနိုင်ငံတွေဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်ပယ်တာမဟုတ်ဘဲ ချဥ်းကပ်မှုအသစ်ပြောင်းလဲတာသာ ဖြစ်ပြီး ဒီမူဝါဒဟာ ညှိနှိုင်းလျှော့ပေးလို့ရတဲ့အရာမဟုတ်ပါဘူး”လို့လည်း တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြား ထားပါတယ်။
ဒီလို ထိတွေ့ဆက်ဆံစကားပြောတာ တွေကနေ အသေးအဖွဲ အပြောင်းအလဲတွေဖြစ်လာမယ်၊ ဒီထက်ပို ကြီးမားကျယ်ပြန့်တဲ့၊ ပိုပြီး အရေးကြီးတဲ့ ပြည့်စုံတဲ့ နောက်ဆုံးရလာဒ်ကို ရလာမယ်လို့ မျှော်လင့်ကြောင်းလည်း ဖိလစ်ပိုင်သမ္မတက ပြောကြားထားပါတယ်။
ဖိလစ်ပိုင်သမ္မတဟာ မေလ ထိပ်သီးညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးတိုးတက်မှုမရှိတဲ့ အတွက် စိတ်ပျက်လက်ပျက်ဖြစ်ရကြောင်း လူသိရှင်ကြား ပြောခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်သေးသရွေ့ အာဆီယံ အဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာစစ်တပ်ခန့်အစိုးရခေါင်းဆောင်တွေ တက်ရောက်ရေးဟာ အလှမ်းဝေးနေဆဲလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လက တရားဝင်ပြောကြားထားပါတယ်။
