တရုတ်နဲ့ စစ်ကောင်စီ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်
2024.11.14
တရုတ်နိုင်ငံ ပေကျင်းမြို့မှာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်အစိုးရပိုင် ရေနံကုမ္ပဏီ အကြီးအကဲတွေ နိုဝင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံပြီး ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကဏ္ဍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေမှာ နိုဝင်ဘာ ၁၄ ရက် ဒီနေ့ သတင်းဖော်ပြပါတယ်။
စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်အစိုးရပိုင်ရေနံကုမ္ပဏီ China National Petroleum Corporation (CNPC) ရဲ့ ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
အခုလိုတွေ့ဆုံရာမှာ စွမ်းအင်ကဏ္ဍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရေနံချက်စက်ရုံတွေ အဆင့်မြှင့်တင်ရေးနဲ့ အသစ်တိုးချဲ့တည်ဆောက်ရေးအပါအဝင် နှစ်နိုင်ငံလိုအပ်ချက်ရှိနေတဲ့ သဘာ၀ဓာတ်ငွေ့ကို မျှဝေသုံး စွဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဟာ ရေနံနဲ့ လောင်စာဆီလိုအပ်ချက်ကို တရုတ်နိုင်ငံက ရင်းနှီးမြှပ်နှံမှုနဲ့ နည်းပညာအကူအညီရယူပြီး ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သုံး သပ်ပါတယ်။
“စစ်ကောင်စီဟာ စစ်ရေးမှာ နောက်တစ်ဆင့်တက်လှမ်းဖို့အတွက် သူ့အနေနဲ့ ရေနံကို မဖြစ်မနေတိုးမြှင့်ရှာဖွေဖို့ လိုအပ်တဲ့ လိုအပ်ချက်အရ တရုတ်ဆီက ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာအကူအညီရယူပြီးတော့ ရေနံထုတ်လုပ်မှု တိုးတက်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ပဲ ကျွန်တော် မြင်ပါတယ်”
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ ထိုင်းအခြေစိုက် PTTEP၊ မလေးရှား Petronas နဲ့ ဂျပန် Eneos ကုမ္ပဏီတို့ဟာ မုတ္တမ ပင်လယ်ကွေ့ရှိ ရဲတံခွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ၂၀၂၂ ခုနှစ်မှာ လုပ်ငန်းတွေ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ စွမ်းအင်ကဏ္ဍအတွက် မဟာမိတ်အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ သာမက ရုရှားနိုင်ငံနဲ့ပါ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ ကြိုးပမ်းနေပါတယ်။
မြန်မာနိုင်ငံကို ဖြတ်ပြီး ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်လည်ပတ်ခဲ့တာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သဘာဝဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာခန့် ပို့ဆောင်နိုင်ခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times သတင်း က ပြီးခဲ့နှစ်မှာ ဖော်ပြခဲ့ပါတယ်။