တရုတ်တိုက်တွန်းမှုနဲ့ ကိုးကန့်တပ်မတော် အပစ်ရပ်ကြောင်း ကြေညာ

RFA Burmese
2024.12.03
တရုတ်တိုက်တွန်းမှုနဲ့ ကိုးကန့်တပ်မတော် အပစ်ရပ်ကြောင်း ကြေညာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ Kokang Info

တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့မှာ စတင်အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်တွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်တော့မှာ မဟုတ်ဘူးလို့ ကိုးကန့်တပ်မတော် MNDAA က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအပေါ် တက်တက်ကြွကြွပါဝင်ပြီး လားရှိုးတိုက်ပွဲအပါအဝင် နှစ်ဖက်တပ်ကြား ဖြစ်နေတဲ့ကိစ္စတွေကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ဖြေရှင်းသွားမယ်လို့လည်း ပြောလာပါတယ်။

ကိုးကန့်တပ်မတော်အနေနဲ့ မြန်မာပြည်ကနေ ခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်မှာ မဟုတ်ကြောင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် တောင်းဆိုနေတာသာဖြစ်တယ်လို့လည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်လို့ ခေါ်တဲ့ ကိုးကန့်တပ်မတော် MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။

စစ်ကောင်စီဘက်က မြန်မာပြည်အနှံ့ လေကြောင်းတိုက်ခိုက်တာ၊ မြေပြင်ကနေထိုးစစ်ဆင်နေတာတွေကို ရပ်ဆိုင်းပေးဖို့ MNDAA က တောင်းဆိုပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံပေမဲ့ ခုခံကာကွယ်ခွင့်ကိုတော့ ဆက်လက်စွဲကိုင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးတွေမှာလည်း MNDAA ဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံက ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဖမ်းဆီးထားတယ်လို့ သတင်းတွေ ထွက်နေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါကို ငြင်းဆိုထားပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း လားရှိုးအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ကိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။

လားရှိုးမြို့ကနေ MNDAA တပ်တွေ ပြန်ဆုတ်ပေးဖို့ စစ်ကောင်စီက တရုတ်အကူအညီနဲ့ ကြိုးပမ်းနေတာလို့ တရုတ်-မြန်မာအရေးလေ့လာသူတွေက ပြောကြပါတယ်။

MNDAA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။