မြန်မာ့ပြည်တွင်းပဋိပက္ခ ရပ်ဆိုင်းဖို့ တရုတ်စစ်တပ် တိုက်တွန်း
2023.11.26
မြန်မာနိုင်ငံက ကျယ်ပြန့်လာတဲ့ ပြည်တွင်းပဋိပက္ခ ချက်ချင်းရပ်ဆိုင်းဖို့ တရုတ်စစ်တပ်အာဘော် PLA ပြည်သူ့လွတ်မြောက်ရေး နေ့စဉ်သတင်းစာက တိုက်တွန်းလိုက်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် အဲဒီလို တိုက်တွန်းလိုက်တာလို့ South China Morning Post သတင်းက နိုဝင်ဘာ ၂၆ ရက်က ဖော်ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နားက ကျင်စန်းကျော့နယ်စပ်ဂိတ်နဲ့ သိန္နီမြို့နယ်က နမ့်စလပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MNDAA က ဒီလ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီနောက် နယ်စပ်လုံခြုံရေး အကာအကွယ်ပေးဖို့ တရုတ်က သန္နိဋ္ဌာန် ချမှတ်ထားတယ်လို့ PLA နေ့စဉ် သတင်းစာခေါင်းကြီးမှာ ဖော်ပြလိုက်တာပါ။
တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့တည်ငြိမ်ရေးထိန်းထားနိုင်ရေးက နှစ်နိုင်ငံပြည်သူတွေရဲ့ ကောင်းကျိုးနဲ့ ဘုံဆန္ဒဖြစ်တယ်လို့လည်း PLA က ဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေကို တရုတ်နိုင်ငံက အနီးကပ်အာရုံစိုက်နေပြီး သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ချက်ချင်းအပစ်ရပ်ဆိုင်းရုံမက အခြေအနေတွေ အရှိန်မြင့်လာမှာကို ရှောင်ရှားနိုင်အောင် ငြိမ်းချမ်းတဲ့နည်းနဲ့ စေ့စပ်ဆွေးနွေးဖို့လည်း တိုက်တွန်းထားပါတယ်။