တရုတ်-မြန်မာနယ်စပ်မှာ လူကုန်ကူးမှုတွေ လျော့ကျမသွားဘဲ ပိုများလာတယ်လို့ မူဆယ်ခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ရဲမှူး ကျော်ညွန့်က ဒီနေ့ ပြောပါတယ်။
"လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံမှာ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းချတဲ့ လူကုန်ကူးမှုတွေက လျော့နည်းကျဆင်းသွားခြင်းမရှိဘဲနဲ့ ဆက်တိုက်ဖြစ်ပေါ်နေတာပါ၊ ဒါတွေကို သတိပြုနိုင်ဖို့၊ သူတို့ကတော့ နည်းလမ်းမျိုးစုံနဲ့ နယ်စပ်ဒေသမှာ အလုပ်အကိုင်ရရှိမယ် မက်လုံးပေးပြီးတော့ ခေါ်ဆောင်တာပေါ့၊ ခေါ်ဆောင်လာတော့ ဒီရောက်တဲ့အခါမှာ တရုတ်မယားအဖြစ် ရောင်းစားတဲ့အမှုတွေက အများဆုံးဖြစ်ပါတယ်။ အရင်နှစ်က အမှုပေါင်းအားလုံး ၄၀ ဖမ်းဆီးနိုင်ပါတယ်။ အရင်နှစ်က ဒီလိုအချိန်ဆိုရင် အားလုံး ၁၆ မှု ဖမ်းဆီးရမိပြီးတော့ ဒီနှစ်မှာ ၁၉ မှုဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ သုံးမှုတိုးပြီးတော့မှ ဖော်ထုတ်ရရှိခြင်းဖြစ်ပါတယ်"
တရုတ်နယ်စပ်မှာ လူကုန်ကူးခံရသူအများစုဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေကဖြစ်တယ်လို့ သိရပါတယ်။
စီးပွားရေးမပြေလည်တာကြောင့် လူကုန်ကူးမှုတွေ ပိုများလာတာလို့ မူဆယ်မြို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဒုဥက္ကဋ္ဌ နန်းခမ်းမိုင် က ပြောပါတယ်။
"ဘာကြောင့် အဲလိုဖြစ်လဲဆိုရင် အဓိကက စားဝတ်နေရေးကြောင့် စီးပွားရေး မပြေလည်လို့ ဖြစ်ရတာပေါ့၊ ဒေသခံတွေအနေနဲ့ကျတော့ ဘာလို့တပန်းသာလဲဆိုရင် ဘာသာစကားကျွမ်းကျင်တာ၊ နယ်မြေ အဝင်အထွက် ကျွမ်းကျင်တာတွေကြောင့်လည်းဖြစ်မယ်၊ ဘယ်လိုလုပ်သင့်လဲဆိုရင် ကျမအမြင်မှာကတော့ စီးပွားရေးတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုကောင်းလာမယ်ဆိုရင်တော့ နည်းနည်းတော့ လျော့ပါးသွာလိမ့်မယ်ထင်တယ်၊ လူကုန်ကူးမှုအဖွဲ့က သူကလာပြီးတော့ စည်းရုံးတဲ့အချိန်မှာ ဒီအလုပ်နဲ့ပဲ မျှားပြီးခေါ်တာကိုး၊ လစာဘယ်လောက်ရမယ် တကယ်တမ်းလည်း ဟိုဘက်ကပေးတဲ့လစာနဲ့ ကျမတို့နိုင်ငံက လစာက ကွာတာတော့ ကွာတယ်"
တရုတ်-မြန်မာနယ်စပ် နန်းတော်ဂိတ်မှာ မူဆယ်ခရိုင်အဆင့်နဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီနေ့ အသိပညာပေး ဆိုင်းဘုတ်တွေစိုက်ထူတာ၊ ဟောပြောတာတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
အသိပညာပေးတွေ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ကလျာဏယုဝခရစ်ယာန်အမျိုးသားကောင်စီ YMCA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဝင်း က အခုလို ပြောပါတယ်။
"အထူးသဖြင့် မြန်မာနိုင်ငံနဲ့ တရုတ်ပြည်ကြားမှာ လူကုန်ကူးမှု ဖြစ်ပေါ်နေတယ်၊ အထူးသဖြင့် အမျိုးသမီးတွေက အကြမ်းဖက်ခံရတယ်၊ ထိမ်းမြားခြင်းခံရတယ် ဒါတွေကို အထူးကာကွယ်တားဆီးဖို့ ပညာပေးအစီအစဉ် ပြုလုပ်ခြင်းဖြစ်ပါတယ်၊ ပညာပေးလုပ်တဲ့အချိန်မှာ ဒီလိုဟောပြောပွဲတွေရှိသလို အားကစား၊ တေးဂီတ၊ သရုပ်ဖော်အစီအစဉ်တွေ အများကြီး လူထုပါဝင်လာအောင်လုပ်ရပါတယ်။ လူထုမပါပဲ ဒီအလုပ်တွေ လုပ်လို့မရပါဘူး အစိုးရရယ် ပရဟိတ အဖွဲ့အစည်းတွေရယ် ပူးပေါင်းလုပ်မှသာလျင် အများကြီးထိရောက်မယ၊် အောင်မြင်နိုင်တဲ့ အနေအထားတွေ ရှိပါမယ်"
YMCA အဖွဲ့ဟာ လူကုန်ကူးမှု အသိပညာပေးလုပ်ကိုင်နေတာ ကိုးနှစ်လောက်ရှိနေပြီဖြစ်ပါတယ်။
နယ်စပ်မှာ လူကုန်ကူးမှုခံရသူအများစုဟာ ရန်ကုန်တိုင်းကဖြစ်ပြီး အများစုက မိန်းကလေးတွေဖြစ်သလို လူကုန်ကူးတဲ့ ပွဲစားတွေကလည်း အမျိုးသမီးအများစုဖြစ်တယ်လို့ ရဲမှူး ဦးကျော်ညွန့်က ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အသိပညာပေးလုပ်ငန်းတွေလုပ်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိပြီလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် ပေးပို့တာပါ။