တိုက်ပွဲပြင်းထန်နေချိန် တရုတ်-မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုလုပ်မယ်
2023.11.25
တရုတ်-မြန်မာနယ်စပ်အနီး တရုတ်နိုင်ငံရဲ့ တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလေ့ကျင်မှုတွေ လုပ်မယ့်အကြောင်း တရုတ်နိုင်ငံဘက်က အကြောင်းကြားထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်း မီဒီယာတွေကို နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်မှာ တရုတ်စစ်တပ်က နယ်စပ်ဧရိယာအနီး စစ်ရေးလေ့ကျင့်မယ့် အကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) တောင်ပိုင်းစင်္ကြံ စစ်ဦးစီး ဌာနချုပ်ရဲ့ တရုတ်လူမှုကွန်ရက် (WeChat) ကနေ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနကလည်း ရေးသားထားပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တရုတ်-မြန်မာနယ်စပ် တစ်လျှောက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေချိန်မှာပဲ တရုတ်ဘက်က စစ်ရေး လေ့ကျင့်မှုတွေလုပ်ဖို့ စတင်လာတာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒါဟာ တရုတ်ဘက်က ပုံမှန်စစ်ရေးလေ့ကျင့်မှုသာ ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေကို ပြောပါတယ်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တရုတ်-မြန်မာနယ်စပ်မှာလုပ်မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံဘက်ကို အကြောင်းကြား လာပါတယ်”
ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီတပ်နဲ့အတူ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွဲဆောင်ရွက်မှာဖြစ်ပြီး တရုတ်ရေတပ် စစ်သင်္ဘော တွေလည်း မြန်မာနိုင်ငံကို မကြာခင်လာရောက်ဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်ဘက်က ဒီလိုစစ်ရေး လေ့ကျင့်မှုတွေ လုပ်လာတာဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို အာမခံဖို့ အသင့်ရှိနေတဲ့အကြောင်း သတိပေးလိုတဲ့ အခြေအနေ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ တရုတ်နိုင်ငံအတွက် သက်ရောက်မှုရှိနေတာကြောင့် အရင်ကလို နယ်စပ်လုံခြုံရေး တင်းကျပ်တဲ့ အခြေအနေကနေ ပိုပြီးမြင့်တဲ့အဆင့်တစ်ခုကို လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့လည်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။
အခုစစ်ရေးလေ့ကျင့်မှုမတိုင်ခင်ကတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဟာ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေး နဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။