ငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်သူ ၇၀၆ ဦး တရုတ်ထပ်မံလွှဲပြောင်းယူ

မြန်မာနိုင်ငံထဲ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရသူ တရုတ်နိုင်ငံသား ၇၀၆ ဦးကို ထပ်မံဖမ်းဆီးပြီး၊ လွှဲပြောင်းရယူခဲ့တယ်လို့ တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းမှာ အောက်တိုဘာလ ၉ ရက် ဒီနေ့ ဖော်ပြပါတယ်။

မြန်မာနဲ့ တရုတ်နှစ်နိုင်ငံပေါင်းပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဒီနေ့အထိ ဖမ်းဆီးထားသူ ၂၃၁၇ ဦးကို တရုတ်ဘက်က လွှဲပြောင်းယူခဲ့ပြီးပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

အခုတစ်ခေါက်ဖမ်းဆီးခံရတဲ့ ၇၀၆ ယောက်ထဲမှာ တရားခံပြေး ၂၆ ယောက်ပါတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ပြောထားပါတယ်။

တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် Lincang နှင့် Pu'er မြို့တွေကနေ လွှဲပြောင်းယူခဲ့တာဖြစ်ပြီး၊ ငွေလိမ်ဂိုဏ်းတွေကို ပိုတိုးနှိမ်နင်းဖို့ အဲဒီဒေသမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တိုးချထားတယ်လို့လည်း ပြောထားပါတယ်။

တရုတ်နယ်စပ် Lincang မြို့ဟာ မြန်မာနယ်စပ် ကိုးကန့်ဒေသ ချင်းရွှေဟော် ၊လောက်ကိုင်မြို့တွေနဲ့ ဆက်စပ်နေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကလည်း ကိုးကန့်ဒေသအတွင်း တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ တရုတ် နိုင်ငံသား ၃၃၇ ဦးကို ကိုးကန့်အာဏာပိုင်တွေက ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လွှဲခဲ့ပါတယ်။

အဲဒီလူတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိ၊ မရှိဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ကိုးကန့်ဒေသဦးစီးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း တရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့ UWSA ၀ တပ်ဖွဲ့ ထိန်းချုပ်ရာဒေသ ကနေ တရုတ်နိုင်ငံသား ၁၃ဝဝ ကျော်ကို ဝ တပ်ဖွဲ့က တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းခဲ့ပါသေးတယ်။