မြန်မာနဲ့ ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို သေသေချာချာ နှိမ်နင်းဖြိုခွင်းမယ်လို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Liu Jinsong က ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ် Chatchai Viriyavejakul နဲ့ မြန်မာစစ်ကောင်စီ သံအမတ် ဦးတင်မောင်ဆွေတို့နဲ့ ဇန်နဝါရီ ၂၃ ရက်က သီးခြားစီတွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာလို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။
အဲဒီလိုတွေ့ဆုံချိန်မှာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ညွှန်ကြားရေးမှူးချုပ် Liu Jinsong က ပြောကြားပြီး ပြစ်မှုကျူးလွန်သူတွေကို ပူးပေါင်းနှိမ်နင်းရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စအပေါ် ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံစလုံးက အထူးအလေးထားမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
ဒါတင်မကပဲ ဒီလိုပြစ်မှုကျူးလွန်နေတာတွေကို တိုက်ဖျက်ဖို့၊ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို ကင်းလွတ်ခွင့်မပေးဘဲ ပြစ်ဒဏ်ချမှတ်ဖို့လည်း Liu Jinsong က ပြောဆိုပါတယ်။
နှစ်နိုင်ငံက သံအမတ်တွေကလည်း ဒုစရိုက်ဂိုဏ်းတွေမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ အစွမ်းကုန်ကြိုးစားမှာ ဖြစ်ကြောင်း ကတိပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရာဇဝတ်ဂိုဏ်းတွေကို ပြစ်ဒဏ်ပြင်းပြင်းထန်ထန်ချမှတ်ဖို့၊ နယ်စပ်က အဓိကကျတဲ့နေရာတွေကို စောင့်ကြပ်ကြည့်ရှုဖို့နဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ ပပျောက်အောင် အမြစ်ဖြတ်နိုင်မယ့် ရေရှည်နည်းလမ်းတွေ ချမှတ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။