ဆားလင်းကြီးမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း လက်ပံတောင်းတောင်ဒေသမှာ မေလ ၆ ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံအလံကို မီးရှို့ပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဆန္ဒပြပွဲကို လက်ပံတောင်းတောင် ဒေသခံနှစ်ရာကျော် ပါဝင်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကိုလာရောက်ပြီး စစ်ခေါင်းဆောင်အပြင် အာဏာရှင် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ တွေ့ဆုံတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အခုလို ဆန္ဒပြတာလို့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော် ပြောချင်တာကတော့ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို အလေးထားပြီးတော့ တရုတ်ကို ပြောချင်တာက အခုပြုလုပ်ရတဲ့ ရည်ရွယ်ချက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို လာရောက်ပြီးတော့ အာဏာရှင်ဟောင်းတွေရော၊ လက်ရှိအာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ကိုရော တွေ့ဆုံပြီးတော့ ဆက်ပြီးအားပေးထောက်ခံပေးနေတဲ့ ဒီတရုတ်နိုင်ငံအစိုးရကို ကျနော်တို့ ပြည်သူတွေ လုံး၀မလိုလားပါဘူး”

တရုတ်နိုင်ငံဟာ မြန်မာ့အရေးကို ပြည်တွင်းရေးလို့ပြောပြီး စစ်ကောင်စီကို ထောက်ခံအားပေးနေတာက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာလို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း (Qin Gang) ဟာ မေလ ၂ ရက်နေ့က နေပြည်တော်ရောက်ရှိလာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သူရဲ့ခရီးစဉ်ဟာ မြန်မာနဲ့ တရုတ် နိုင်ငံနှစ်ခုအကြား ရင်းနှီးချစ်ကြည်မှုကို ပြသယုံမျှမက နိုင်ငံတကာမျက်နှာစာမှာ မိမိတို့ တရုတ်အစိုးရက စစ်ကောင်စီဘက်က ထောက်ခံရပ်တည်မှုကို ပြသလိုက်တာလည်း ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။