ယင်းမာပင်နဲ့ ဆားလင်းကြီးမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်လာ

RFA Burmese
2023.05.09
ယင်းမာပင်နဲ့ ဆားလင်းကြီးမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်လာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုအား ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့က တွေ့ရစဉ်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေက ရွာတချို့မှာ မေလ ၆ ရက်ကစလို့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်လာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ တရုတ်နိုင်ငံအလံကို မီးရှို့တာ၊ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံတဲ့ပုံတွေကိုဖျက်ဆီးတာ စတဲ့လှုပ်ရှားမှုတွေ လုပ်ခဲ့တာပါ။

ဒါဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မေလ ၂ ရက် တွေ့ဆုံအပြီး အခုလို တရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာတာလို့ ဆိုပါတယ်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီကတော့ စစ်ကောင်စီနဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာချက်ချင်းရပ်ဖို့ မေလ ၉ ရက် ဒီကနေ့မှာလည်း ဆန္ဒပြခဲ့ပါတယ်။

သပိတ်ဦးဆောင်ကော်မတီအဖွဲ့ ခေါင်းဆောင်တစ်ဦးကတော့ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ ပြည်သူတွေဘက်က ရပ်တည်ဖို့ ဒီလိုလှုပ်ရှားမှုတွေလုပ်တာလို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီကို မလိုလားလို့ တော်လှန်နေတဲ့အချိန်မှာ စစ်ကောင်စီနဲ့ တရုတ်ဆက်စပ် နေတဲ့ အကျိုးစီးပွား အများကြီးရှိတယ်။ ဒါတွေကို လုပ်လာတာလည်း တွေ့ရတယ်။ တရုတ်က စစ်ကောင်စီနဲ့ မပူးပေါင်းဖို့လိုတယ်။ ဒီလိုမှဆက်ပူးပေါင်းနေရင် ပြည်သူတွေ ရဲ့ တရုတ်အပေါ် အမုန်းတရားက ပိုပြီးကြီးလာပါလိမ့်မယ်”

အခုဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာတဲ့နေရာဟာ တရုတ်ရဲ့ ကြေးနီစီမံကိန်းကြီးရှိတဲ့ ဒေသမှာဖြစ်ပါတယ်။

လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုကလည်း မေလ ၈ ရက် မနေ့က တရုတ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီး စစ်ကောင်စီဘက်က ရပ်တည်ခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ဒေါသကိုထိုး ဆွနေတာလို့ သပိတ်အဖွဲ့ဝင် တစ်ဦးက ဆန္ဒပြပွဲမှာ ထည့်ပြောခဲ့ပါတယ်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီနဲ့တွေ့ပြီး လက်ဆွဲနှုတ်ဆက်တာဟာ စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ထားတဲ့သူကို လက်ဆွဲနှုတ်ဆက်တာဟာ ပြည်သူတွေရဲ့ဒေါသကို ထိုးဆွလိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကို ရပ်တည်မယ်ဆိုတဲ့ ခြေလှမ်းစလှမ်းလိုက်တာနဲ့ ပြည်သူတွေရဲ့တုံ့ပြန်ချက်က ပြင်းထန်မယ်ဆိုတာ ပြည်သူတွေနဲ့ သက်သေပြမှာပါ”

တရုတ်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကိုလေးစားဖို့နဲ့ မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ကြဖို့လည်း သပိတ်အဖွဲ့ ဦးဆောင်သူတွေက တိုက်တွန်းထားပါတယ်။

ဒီလိုဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်က တစ်စုံတစ်ရာတုံ့ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျုဟာနဲ့ လေ့လာရေးအင်စတီကျု ISP Myanmar ကတော့ တရုတ်ဟာ မြန်မာ့အရေးမူဝါဒမှာ အထိုင်သစ်ပုံစံပြန်ချလာ နိုင်တယ်လို့ မေလ ၇ ရက်က သုံးသပ်ချက်ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမှာ လုံခြုံရေးအခြေအနေ ဆိုးရွားနေဆဲဖြစ်ပေမယ့်လည်း တရုတ်ကတော့ သူရဲ့အကျိုးစီးပွားကို ကြီးကြီးမားမား ထိခိုက်နိုင်လောက်တဲ့အနေအထား မဖြစ်အောင် ထိန်းထားနိုင်ပြီလို့ ယူဆထားကြောင်းလည်း ISP Myanmar ကသုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

jimmy
2023-05-09 09:39

if China or Chinese government who didn't respect on Burmese people citizenship rights Democracy and rule of law , we all the fight back to same action Myanmar military dictatorship and Chinese business all burn out in Burma soil .