မူဆယ်နယ်စပ်မှာ တရားမဝင် ကုန်စည်သယ်ယူမှုတွေ တရုတ် ကန့်သတ်
2024.11.10
တရုတ်-မြန်မာနယ်စပ် မူဆယ် နယ်စပ်ကုန်သွယ်ရေးမှာ တရားမဝင် ကုန်စည်သယ်ယူမှုတွေကို တရုတ်အာဏာပိုင်တွေက နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ကန့်သတ်တော့မယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်မှာ လုပ်ငန်းသုံးမဟုတ်တဲ့ ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ လက်တွန်းလှည်း စတဲ့ယာဥ်တွေနဲ့ တစ်နိုင်တစ်ပိုင် ကုန်စည်သယ်ယူမှုတွေမှာ တရားမဝင် လမ်းကြောင်းတွေက အသုံးပြုခွင့်ပိတ်လိုက်ပြီး တရားဝင်ခွင့်ပြုထားတဲ့ ကျယ်ဂေါင် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းကနေပဲ ခွင့်ပြုတော့မယ်လို့ တရုတ်နိုင်ငံ ရွှေလီအာဏာပိုင်တွေက နိုဝင်ဘာ ၉ ရက်မနေ့က ညွှန်ကြားချက်ထုတ်ခဲ့တာပါ။
ဒီအခြေအနေဟာ ကုန်စည်သယ်ယူပို့ဆောင်ရာမှာ တရုတ် ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရမှ သယ်ယူပို့ဆောင်ရမဲ့ အခြေအနေဖြစ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“တရုတ်က စာထုတ်တာတော့ မနေ့က ထွက်တယ်။ ၁၁ ရက်နေ့ကစပြီးတော့ မနက်ဖြန်မနက် မြန်မာနာရီ ခြောက်နာရီကျော်ပေါ့။ တရုတ်နာရီ ရှစ်နာရီကနေ စပြီးတော့ ကုန်ပစ္စည်းထွက်ဖို့ သတ်မှတ်ထားတဲ့ မန်ဝိန်းပေါက်ကပဲ ထွက်ရမယ်။ မန်ဝိန်းပေါက်က ထွက်လို့ရှိရင် သူ့ရဲ့အကောက်ခွန်ဌာန ရှိမယ်။ နယ်စပ်ကုန်သွယ်ရေးဌာန ရှိမယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ရှိမယ်။ ဒေသအာဏာပိုင်ပေါ့နော်။ အဲဒီအဖွဲ့တွေက သူတို့ဆီက ခွင့်ပြုချက်ရမှပဲ တင်သွင်းခွင့်ပြုမလားဆိုတာ ကြည့်ရဦးမယ်”
ဒီလိုကန့်သတ်လိုက်တာဟာ တစ်နိုင်တစ်ပိုင် ကုန်သည်တွေနဲ့ တရုတ်နယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်အကိုင် ရှားပါးသွားနိုင်သလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ကုန်စည်ပြတ်လပ်မှုတွေ ကြုံရနိုင်တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
တရုတ် ဒေသအာဏာပိုင်တွေရဲ့ ကန့်သတ်ချက်ဟာ မြန်မာဘက်က တစ်နိုင်တစ်ပိုင် ကုန်သည်တွေအပြင် တရုတ်ဘက်က လုပ်ငန်းရှင်တွေလည်း ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ နမ့်ခမ်းနဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ထိန်းချုပ်ထားတာကြောင့် လက်ရှိအချိန်အထိ ပိတ်ထားရဆဲဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို တရုတ်ဘက်က ပိတ်ထားပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့ကနေ မြန်မာဘက်အခြမ်း မူဆယ်မြို့ကို ဆန်၊ ဆေးဝါး၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်သုံးဆီ အပါအဝင် ကုန်ပစ္စည်းတချို့ကို တရုတ်ဘက်က တင်ပို့ခွင့် ကန့်သတ်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။