တရုတ်အထည်ချုပ်စက်ရုံ အလုပ်သမားတွေ နစ်နာကြေး သုံးလကျော်စာသာရ

2022.01.11
တရုတ်အထည်ချုပ်စက်ရုံ အလုပ်သမားတွေ နစ်နာကြေး သုံးလကျော်စာသာရ ရန်ကုန်မြို့ လှိုင်သာယာစက်မူဇုန်က Honor Apparel အထည်ချုပ်စက်ရုံကို တွေ့ရစဥ်
Photo: Citizen Journalist

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က တရုတ်အထည်ချုပ်စက်ရုံ Honor Apparel က စက်ရုံရပ်နားထားရတဲ့ အချိန်ခြောက်လကျော်မှာ သုံးလကျော်စာအတွက် နစ်နာကြေးကို ဇန်နဝါရီ ၈ ရက်နေ့က ပေးခဲ့တယ်လို့ စက်ရုံ မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ယောက်က RFA ကို ပြောပါတယ်။

ဒီနစ်နာကြေးကို စက်ရုံဝန်ထမ်း ၄၀၀ ကျော်အတွက် ပေးအပ်ခဲ့တာဖြစ်ပြီး ရပ်နားထားခဲ့ရတဲ့အချိန်တွေ အတွက် အပြည့်အဝမရခဲ့ဘူးလို့ အဲဒီစက်ရုံအလုပ်သမားက ပြောပါတယ်။

"စက်ရုံပိတ်ထားတာက ခြောက်လခွဲ၊ နစ်နာကြေးပေးတာက အခြေခံလစာရဲ့ သုံးလစာကျော် ပေးတာလို့ ပြောတယ်။ စုစုပေါင်း လေးသိန်းခြောက်သောင်းရှစ်ထောင်ပေါ့။ ပုံမှန်ဆိုရင် လစာက တစ်လ သုံးသိန်း ဝန်းကျင်ပေါ့"

အဲဒီစက်ရုံဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြီးခဲ့တဲ့နှစ် မတ်လ ၁၄ ရက်၊ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက မီးလောင်ကျွမ်းခဲ့တဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂၄ ရုံထဲက တစ်ခုဖြစ်ပါတယ်။

စက်ရုံပိတ်ထားစဉ်ကာလအတွင်း အလုပ်သမားတွေဟာ စားဝတ်နေရေးအတွက် တခြားစက်ရုံတွေမှာ နေ့စားအဖြစ် သွားရောက်လုပ်ကိုင်ရတာမျိုးတွေရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီအတွက် Honor Apparel အထည်ချုပ်စက်ရုံနဲ့ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် (IWFM) တို့ နစ်နာကြေးရရှိဖို့ ညှိနှိုင်းခဲ့တာဖြစ်ပြီး ဒီပမာဏဟာ ရသင့်တဲ့ ပမာဏာထက် နည်းနေသေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အဲဒီစက်ရုံက နောက်ထပ် အလုပ်သမားတစ်ဦးကလည်း ပိတ်ထားခဲ့ရတဲ့ အချိန်ခြောက်လကျော်အတွက် နစ်နာကြေးရသင့်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံသား ပိုင်ဆိုင်တဲ့ Honor Apparel အထည်ချုပ်စက်ရုံဟာ အင်္ကျီ၊ ဘောင်းဘီတွေကို ချုပ်လုပ်တဲ့ စက်ရုံတစ်ခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။