ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းရေး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီ ပြော
2025.01.27

နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို နှိမ်နင်းဖို့အတွက် တရုတ်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဇန်နဝါရီလ ၂၇ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းရေး အစည်းအဝေးမှာ ပြောပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနကနေ ပူးပေါင်းဆောင်ရွက်တာနဲ့ မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းပြီး လုပ်ငန်းအဖွဲ့တွေနဲ့ အရေးယူရေး အစီအစဉ်တွေကို ရေးဆွဲမယ်လို့လည်း ဆိုပါတယ်။
နယ်စပ်ဒေသမှာ ပြည်ပနိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ လျှပ်စစ်ဓာတ်အား၊ အခြေခံစားသုံးကုန်တွေနဲ့ အင်တာနက်ဆက်သွယ်မှုတို့ကို အိမ်နီးချင်းနိုင်ငံတွေကတစ်ဆင့် ရယူသုံးစွဲနေတာလို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု မရှိတော့တာကြောင့် ကျားဖြန့်ဂိုဏ်းတွေ ကြီးထွားလာတာဖြစ်ပြီး အမြစ်ပြတ် နှိမ်နင်းဖို့ ခက်ခဲလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ တရားစီရင်ရေး ယန္တရားက လုံးဝပျက်သုဉ်းနေတာလေ၊ တရားဥပဒေစိုးမိုးမှုမှ မရှိတော့တာ၊ နိုင်ငံတော်အဆင့် လိမ်လည်မှုကို ဖြေရှင်းဖို့မပြောပါနဲ့ ရပ်ကွက်ထဲက ရာဇဝတ်မှုတွေကိုတောင် စစ်ကောင်စီအောက်က ဘယ်အဖွဲ့က အရေးတယူ ဆောင်ရွက်ပေးနေတာရှိလို့လဲ။ ဒါကြောင့် နယ်စပ်မှာ လိမ်လည်တဲ့လုပ်ငန်းတွေ များနေတာ”
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုမှာ တရုတ်သရုပ်ဆောင် ဝမ်ကျင်း (Wang Xing) ဖမ်းဆီးပိတ်လှောင်ခံထားရတဲ့ ဖြစ်ရပ်နောက်ပိုင်း နိုင်ငံတကာက အာရုံစိုက်လာပြီးနောက် တရုတ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံ သုံးနိုင်ငံလုံးက ငွေလိမ်းဂိုဏ်းတွေ နှိမ်နင်းရေးကိစ္စ ပြောဆိုလာကြတာပါ။
မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ပါဝင်တဲ့ တော်လှန်ရေးအင်အားစုတွေကပါ အွန်လိုင်းငွေ လိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ပူးပေါင်းဆောက်ရွက်ဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။