အွန်လိုင်းလိမ်လည်မှု နှိမ်နင်းဖို့ အာဆီယံကို တရုတ်တိုက်တွန်း

RFA Burmese
2025.01.16
အွန်လိုင်းလိမ်လည်မှု နှိမ်နင်းဖို့ အာဆီယံကို တရုတ်တိုက်တွန်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က လာအိုနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှ ထိပ်သီးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား တက်ရောက်လာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်။
Reuters Photo

အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံနိုင်ငံတွေကို တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းမှာ ဇန်နဝါရီ ၁၆ ရက်နေ့က ဖော်ပြပါတယ်။

ဒီလိုဖြေရှင်းရမှာ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ကိုယ့်တာဝန် ကိုယ်ယူကြဖို့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အွန်လိုင်း လောင်းကစားနဲ့ လိမ်လည်မှုတွေဟာ တရုတ်နိုင်ငံသားတွေနဲ့ တခြားနိုင်ငံတွေကို ခြိမ်းခြောက်ထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ဝမ်ယိက ထည့်သွင်းပြောကြားထားပါတယ်။

တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးအတွက် အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့လည်း တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကူးစက်မှု ကာလမတိုင်ခင်က ဒေသတွင်း တရုတ် ကမ္ဘာလှည့် ခရီးသွားတွေဟာ နှစ်စဥ် ဒေါ်လာ ဘီလီယံနဲ့ချီ သုံးစွဲခဲ့ကြပြီး အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအတွက် သိသာတဲ့ ဝင်ငွေအရင်းအမြစ် တစ်ခုဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ လူကုန်ကူးခံရမှုတွေအပေါ် စိုးရိမ်မှုနဲ့ တရုတ် ဆိုရှယ်မီဒီယာတွေမှာ ခရီးသွားတွေကို ရာဇဝတ်ဂိုဏ်းတွေက ဖမ်းဆီးတဲ့သတင်းတွေ ပျံ့နှံ့နေတာက ခရီးသွားလာမှုအတွက် အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတွေက အစိုးရထိပ်တန်း အရာရှိတွေဟာ မြန်မာနိုင်ငံက ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်နေတဲ့ နေရာတွေမှာ လူကုန်ကူးခံရတဲ့သူတွေကို ကယ်တင်ရေးမှာ အကူအညီပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံဘက်ခြမ်းမှာ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယားနဲ့ ကင်ညာနိုင်ငံသား အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက လူခြောက်ထောင်ကျော် လူကုန်ကူးခံထားရတယ်လို့ ယုံကြည်ရကြောင်း အဆာဟိရှင်ဘွန်း ဂျပန်သတင်းဌာနက ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။