ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့က မြန်မာ-တရုတ် နယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရေးစခန်းထဲကို နိုဝင်ဘာ ၂၃ ဒီနေ့ မနက် ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် ကုန်တင်ကား အနည်းဆုံး ဆယ်စီး မီးလောင်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အောက်တိုဘာ လကုန်ပိုင်းကတည်းက ပိတ်မိနေတဲ့ တရုတ်-မြန်မာ ကုန်အပို့အသယ် လုပ်နေတဲ့ ကုန်တင် ကားတွေ မီးလောင်တာဖြစ်ပြီး ဆုံးရှုံးတဲ့ တန်ဖိုးကိုတော့ တွက်ချက်လို့ မရသေးဘူးလို့ မူဆယ်က ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုထက်ထိ စာရင်းကောက်လို့ မရသေးဘူး၊ များတော့များမှာပေါ့။ တရုတ်နိုင်ငံထဲကို ဝင်မယ့် ကားတွေနဲ့ တရုတ်နိုင်ငံက ထွက်ပြီးတော့ မြန်မာပြည်ထဲကို ဝင်မယ့် လိုင်စင်စောင့်နေတဲ့ကားတွေ”
မီးငြှိမ်းသတ်မှုတွေ လုပ်ဆောင်နေပေမယ့် ဒေသခံတွေကို RFA က ဆက်သွယ်တဲ့ မနက် ၁၁ နာရီအထိ မီးလောင်နေဆဲ ဖြစ်ပြီး မီးမလောင်သေးတဲ့ ကုန်တင်ကားတွေကတော့ ကားဝင်းထဲကနေ ရွှေ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဆုံးရှုံးမှု အတိအကျနဲ့ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်လဲ ဆိုတာကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒေသခံအချို့ကတော့ ဒီမနက်ပစ်တဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ ပြောဆိုကြတဲ့ အတွက် အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မနေ့ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့ အဝင်-အထွက် တုံချိန်ဆိုတဲ့အရပ်မှာ အရပ်သား မော်တော်ကားတစ်စီး လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့အချို့နဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်တော် (AA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့က အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး “၁၀၂၇ စစ်ဆင်ရေး”အနေနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တာတွေ ရှိနေတာပါ။