မြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသားပြည်သူတွေက ဆန့်ကျင်ကန့်ကွက်တာမရှိဘဲ ပြင်ပရောက် ရှိနေသူတွေနဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ကြတာဖြစ်ကြောင်း ကချင်နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်တွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ပြောကြားလိုက်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ် သံရုံး ဖေ့စ်ဘွတ်ကနေ ထုတ်ပြန်လိုက်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ဒီဇင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျှံဟာ မြစ်ကြီးနားမြို့မှာ တေ့ွဆုံဆွေးနွေးခဲ့တာတွေကို ထုတ်ပြန်တာဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ တရုတ်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားသလို ပြောကြားဆွေးနွေးခဲ့ခြင်းမရှိကြောင်း ကချင်ပါတီခေါင်းဆောင်တွေက ငြင်းဆိုကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့တာပါ။