စစ်ကိုင်းတိုင်းမှာ ဒေသခံတွေ စစ်မှုထမ်းဖို့ ဖမ်းဆီးခံနေရ

RFA Burmese
2025.01.21
စစ်ကိုင်းတိုင်းမှာ ဒေသခံတွေ စစ်မှုထမ်းဖို့ ဖမ်းဆီးခံနေရ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၈) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့စဉ်။
Myanmar Military Photo

စစ်ကိုင်းတိုင်း၊ ရေဦး၊ ခင်ဦးနဲ့ ရွှေဘိုမြို့ပေါ်ရပ်ကွက်မှာ နေထိုင်သူတွေ စစ်မှုထမ်းဖို့ ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၂၁ ရက် ဒီနေ့ ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ရေဦးမြို့ပေါ်မှာ လူ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ရေဦးအခြေစိုက် (People’s Defense Comrade) အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။

“ဇန်နဝါရီ ၁၉ ရက်နေ့ကဆိုရင် ရေဦးမြို့ပေါ်က အောင်မင်္ဂလာ ရပ်ကွက်။ ဗိုလ်အောင်ဇေယျ ရပ်ကွက်။ မကျည်းတော ရပ်ကွက်။ အဲဒီရပ်ကွက်တွေကို အဓိကထား ဖမ်းတာ။ ဆိုင်ကယ်တွေနဲ့ပတ်ပြီး ဖမ်းတယ်လို့ သိရပါတယ်။ ပြန်မလွတ်သေးပါဘူး”

ဖမ်းဆီးခံရသူတွေကို ရေဦးမြို့ပေါ်က အထက (၁) နဲ့ အထက (၂) ကျောင်းတွေမှာ ထိန်းသိမ်းထားပြီး စစ်မှုထမ်းအတွက် မကြာခဏ ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် လူငယ်အများစုက ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သူကပြောပါတယ်။

ခင်ဦးနဲ့ ရွှေဘိုမြို့ပေါ်မှာလည်း အမျိုးသားတွေအပြင် အမျိုးသမီးတွေကိုပါ ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အရေအတွက်ကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရွှေဘို၊ ရေဦးနဲ့ ခင်ဦးမြို့နယ်က ဒေသအများစုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မြို့ပေါ်နဲ့ ရွာတချို့လောက်ကိုပဲ စစ်ကောင်စီက နယ်မြေစိုးမိုးထားနိုင်တော့တာကြောင့် မြို့ပေါ်ရပ်ကွက်တွေကို အဓိကထားပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာလို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကိုင်းတိုင်း အပါအဝင် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းမှာ လူငယ်အမျိုးသားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။