လှိုင်သာယာမှာ လူငယ်တစ်ဦး ဓားထောက်ဖမ်းဆီးပြီး စစ်တပ်ထဲ အပို့ခံရ
2024.10.25
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မီးခွက်စျေးအနီးမှာ အသက် ၂၂ နှစ်အရွယ် ကိုစောလင်းထွန်းကို လူတစ်စုက ဓားထောက်ဖမ်းဆီးပြီးနောက် မင်္ဂလာဒုံစစ်တပ်ထဲ ပို့လိုက်တယ်လို့ မိသားစုဝင်နဲ့ ကူညီပေးနေသူတွေက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်း အထည်ချုပ်စက်ရုံတစ်ခုက ပြန်လာချိန်မှာ အခုလို ဖမ်းဆီးခံရတာလို့ ကိုစောလင်းထွန်းရဲ့ မိခင်က ဒေါ်ညိုညိုဝင်းက RFA ကို ပြောပါတယ်။ ဖမ်းဆီးခံရပြီးနောက် ခြောက်ရက်အကြာ သားဖြစ်သူက ဖုန်းဆက်ပြောတဲ့အတွက် ဒီဖြစ်စဉ်ကို သိခဲ့ရတာလို့ ဆိုပါတယ်။
“စက်ရုံကအပြန်မှာ အလုပ်ကောင်းရှိတယ်ဆိုပြီး သူ့ကို ခေါ်သွားတာတဲ့။ လူခြောက်ယောက်က မင်းမအော်နဲ့အော်ရင် ဓားနဲ့ထိုးသတ်လိုက်မယ်။ မင်းမအော်နဲ့ ဆိုပြီးတော့မှ သံတုတ်တွေ ဘာတွေနဲ့ ရွယ်ထားပြီးတော့ ကိုယ်ထိလက်ရောက် သူ့ကို ထိုးကြိတ်ပါတယ်။ မျက်နှာတွေလည်း အမေ့ သားမှာ ယောင်ဖူးလို့တဲ့၊ နောက်စေ့တွေမှာလည်း မပျောက်သေးဘူးတဲ့”
ကိုစောလင်းထွန်းကို ဖမ်းဆီးပြီးနောက် ကနဦး မင်္ဂလာဒုံ စစ်စခန်းကို ပို့ဆောင်ခဲ့ပြီး အဲဒီကတစ်ဆင့် မကွေးတိုင်း၊ မင်းဘူးမြို့နယ် ခြေလျင်တပ်ရင်း အမှတ် (၈၈)၊ အဲဒီကတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ကို စစ်သင်တန်းတက်ဖို့ ရောက်နေပြီလို့ ပြောပါတယ်။
ဒါနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး (နေပြည်တော်) ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်မှုထမ်းကြောင့် အခက်အခဲဖြစ်နေသူတွေကို ကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်စုစုနွေးကတော့ ကိုစောလင်းထွန်းဟာ စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ခံရတာဖြစ်တဲ့အပြင် မိခင်ဖြစ်သူကလည်း သူ့သားအပေါ် မှီခိုနေထိုင်ရတာဖြစ်တာကြောင့် လက်ရှိမှာ ပြန်လည်လွတ်မြောက်နိုင်ဖို့ ကူညီပေးနေတယ်လို့ ပြောပါတယ်။
နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။