ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာ နှစ်ထောင်ခန့် စစ်သားစုဆောင်းခံရ

RFA Burmese
2024.11.25
ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာ နှစ်ထောင်ခန့် စစ်သားစုဆောင်းခံရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP Photo

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကနေ အခုနှစ် မတ်လနဲ့ မေလမှာ ရိုဟင်ဂျာ ဒုက္ခသည် နှစ်ထောင်ခန့်ဟာ ငွေကြေး၊ အမျိုးသားရေးဝါဒီနဲ့ သွေးဆောင်မှု၊ မမှန်ကန်တဲ့ ကတိစကားတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ စစ်တိုက်ဖို့ စုဆောင်းခံခဲ့ရတယ်လို့ ရိုက်တာက နိုဝင်ဘာ ၂၅ ရက်က ဖော်ပြပါတယ်။

အခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်မှုနဲ့ လူသစ်စုဆောင်းတာတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။

စစ်သားစုဆောင်းခံရသူတွေဟာ အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်နေတဲ့ ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ (RSO) နဲ့ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) တွေဆီကို ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကလည်း ရိုဟင်ဂျာတွေကို အဓမ္မ စစ်သားစုဆောင်းတာတွေရှိနေပြီး လက်နက်၊ စစ်သင်တန်းနဲ့ ငွေကြေးထောက်ပံပေးနေသလို နိုင်ငံသားကတ်ပါထုတ်ပေးဖို့ ကမ်းလှမ်းတာရှိတယ်လို့ ဖော်ပြပါတယ်။ လူသစ်စုဆောင်းခံရသူအများစုကတော့ အဓမ္မခေါ်ယူခံရတာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တွေတောင် ပါဝင်တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေပြီး အခုနှစ်အတွင်း အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၆၀ ခန့် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေကို အဓမ္မ စစ်သားစုဆောင်းတာနဲ့ ပတ်သက်ပြီး ရိုက်တာရဲ့ သတင်းဖော်ပြချက်တွေကို စစ်ကောင်စီကတော့ ငြင်းဆိုထားတယ်လို့ ဖော်ပြပါတယ်။

ကိုယ့်ရပ်ကိုယ်ရွာကို ကာကွယ်ဖို့အတွက် တောင်းဆိုမှုအရ အခြေခံစစ်သင်တန်းပေးတာဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ထားတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။