မေလတစ်လတည်း ကလေးငယ် ၁၉ ဦးအပါအဝင် အရပ်သား ၁၂၉ ဦး သေဆုံးခဲ့

မေလတစ်လအတွင်း စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ စစ်ကောင်စီတပ်သားတွေကြောင့် အရပ်သား ၁၂၉ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၁၉ ဦးပါဝင်တယ်လို့ NUG ရဲ့ တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နဲ့ ရှမ်း၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတာလို့ ဇွန်လ ၄ ရက် အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ စစ်ကိုင်းနဲ့ ပဲခူးတိုင်းက သေဆုံးသူ အများဆုံး ဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းမှာ ၅၇ ဦးအထိသေဆုံးခဲ့ပြီး ကလေးငယ်ရှစ်ဦးအထိပါဝင်သလို ပဲခူးတိုင်းထဲ မှာတော့ ၃၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ်ခြောက်ဦး ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီရဲ့ အဓိကပစ်မှတ်ထားတဲ့ဒေသဖြစ်တဲ့အပြင် သက်ကြီးရွယ်အိုတွေ ထွက်ပြေးရင်း သေဆုံးရတာနဲ့ ရွာထဲမှာကျန်ခဲ့လို့ မီးရှို့ သတ်ဖြတ် ခံရတာတွေလည်း ရှိနေတယ်လို့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခု ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အတော်အတန် လက်နက်တပ်ဆင်ပြီး နောက်မှာတော့ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ တစ်စတစ်စ ပိုများများလာတယ်။ အဲလိုလုပ်လာတာနဲ့အမျှ ကျွန်တော် တို့ စစ်ကိုင်းတိုင်း အတွင်းမှာရော စစ်ဖြစ်တဲ့နေရာ တွေမှာ ရောပေါ့နော်။ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီး ကိုယ်ဝန်ဆောင်၊ သွေးနုသားနု မိခင်တွေ၊ ကလေးငယ်တွေ အပါအဝင်ပေါ့ တိုက်ပွဲတွေဖြစ်ပြီဆိုရင် စစ်ရှောင်ရတယ်။ စစ်ရှောင်ရတဲ့ အနေအထားမှာလည်း ခက်ခဲလို့ စစ်ရှောင်ရင်းသေဆုံးရတဲ့ သက်ကြီးရွယ်အိုပေါင်းက ကျွန်တော်တို့မြို့နယ်မှာဆိုရင် ၂၀ ကျော်ပြီ။ ဒီလို စစ်ရှောင် ရင်းနဲ့ ဆုံးတယ်။ ဒါမှမဟုတ် ကျေးရွာထဲမှာကျန်ခဲ့လို့ မီးရှို့သတ်ဖြတ်ခံရတာတွေလည်း ရှိတာပေါ့”

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၃၂ ဦး၊ အမျိုးသား ၆၈ ဦး၊ ကလေးငယ် ၁၉ ဦး၊ မသန်စွမ်းသုံးဦးနဲ့ ကျား/မ မခွဲခြားနိုင်သူခုနစ်ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ အရပ်သားတွေကို ထိခိုက်အောင်လုပ်စရာ အကြောင်းမရှိဘူးလို့ အရင်က ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့အထိ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း (၃၆,၂၂ ဦး) သေဆုံးခဲ့ပါတယ်။