မုံရွာမှာ ပြည်သူသုံးဦးနဲ့ PDF နှစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်က ဒေသခံ သုံးဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး စုစုပေါင်း ငါးဦးကို ဇူလိုင် ၂၁ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က RFA ကို ပြောပါတယ်။

မုံရွာမြို့မှာရှိတဲ့ စွမ်းရည်ထက်ဆီဆိုင်အနီးမှာ စခန်းချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ ဒေသခံတစ်ဦးကို ဇူလိုင် ၂၁ ရက် နေ့လယ်ပိုင်းက ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့ သူက ပြောပါတယ်။

မုံရွာ - မန္တလေး လမ်းပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ နောက်ထပ် ဒေသခံ နှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ အသတ်ဖြတ်ခံရသူတွေဟာ အသက် ၂၅ ကနေ ၃၀ ဝန်းကျင် လူငယ်တွေ လို့ သိရပါတယ်။

အသတ်ခံရသူ ငါးဦးထဲက နှစ်ဦးရုပ်အလောင်းကိုတော့ သင်္ဂြိုဟ်ခဲ့ပေမယ့် ကျန်တဲ့ သုံးဦးရဲ့ ရုပ်အလောင်းတွေကိုတော့ သွားမယူနိုင်သေးဘူးလို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ကူတောကျေးရွာက ပြည်သူတစ်ဦး ပါဝင်ပြီး ကျန်တဲ့ လေးဦးက ဘယ်ရွာတွေကလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒေသခံတချို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သေဆုံးသူတွေဟာ အရပ်သားပြည်သူ၊ ခရီးသွားတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။

ဒီလိုဒေသခံတွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီလကစပြီး ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၃၈၁၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။