ကြေးနီစီမံကိန်း လုံခြုံရေးယူထားတဲ့ စစ်တပ်နဲ့ PDF ကြား တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ဆားလင်းကြီးဒေသက ကြေးနီစီမံကိန်းအတွက် လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တွေကြား မနေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ PDF တွေဘက်ကပြောပါတယ်။

ကြေးနီတောင်စီမံကိန်းအတွက် လုံခြုံရေး ယူထားတဲ့ တပ်သားတွေဟာ မနေ့ညနေပိုင်းမှာ ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ရွာနဲ့ သဲတောကြီးရွာဘက်ကို စစ်ကြောင်းထိုး ဝင်လာတာကြောင့် PDF တွေနဲ့ ၄ နာရီလောက်ကြာ တိုက်ပွဲဖြစ်ခဲ့တာလို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့် က ပြောပါတယ်။

"အမှန်တကယ်တော့ ယန်စီ၊ ဝမ်ပေါင်မှာ လုံခြုံရေး ယူပေးထားတဲ့ စစ်ကြောင်းပါ။ မေလ ၅ ရက်နေ့က ယင်းမာပင် မြို့နယ်ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်း။ မေလ ၅ ရက်နောက်ပိုင်းမှာ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာ၊ တယ်ပင်ကန်ကျေးရွာမှာ ညအိပ်ပါတယ်။ တယ်ပင်ကန်ကျေးရွာရဲ့ မြောက်ဘက်၊ ကြေးနီစီမံကိန်းရဲ့ အနောက်ဘက်ကနေ ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်နဲ့ သဲတောကြီးဘက်ကို ထပ်ပြီးထိုးစစ်ဆင်လာတာပေါ့"

ကြေးနီစီမံကိန်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေကို PDF က သွားတိုက်တာ မဟုတ်ဘဲ ရွာတွေထဲ စစ်ကြောင်းထိုးလာလို့ PDF ဘက်က ခုခံတာလို့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရှိသူ ကိုစစ်နိုင်ကလည်း RFA ကိုပြောပါတယ်။

"သူတို့ (ကုမ္ပဏီ)ဘက်က စာထုတ်တဲ့အတိုင်း စီမံကိန်း မလည်ပတ်ဘဲ ဒီတိုင်းနေရင် ကျနော်တို့က တိုက်မှာ မဟုတ်ဘူး၊ အခုလည်း ကျနော်တို့သွားတိုက်တာ မဟုတ်ဘူး၊ ဒီစီမံကိန်းနား မလာရဲအောင်ဆိုတဲ့ ပုံစံမျိုးနဲ့ ဘေးပတ်ချာလည်ရွာတွေကို သူတို့က သေနတ်နဲ့ လိုက်ခြိမ်းခြောက်ပြီးတော့ စီမံကိန်း လည်ပတ်အောင် လုပ်ချင်နေတဲ့ သဘောရှိတယ်"

မနေ့ညပိုင်းမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်သုံးလုံး ပင်းမာပင်မြို့နယ်၊ ထည်တောကြီးရွာထဲကို ကျရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီရွာတွေမှာ ဒေသခံတွေမနေဘဲ ထွက်ပြေးနေတာကြောင့် အထိအခိုက်မရှိပေမယ့် အိမ်မီးလောင်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က တိုက်ပွဲကြား ဒေသခံကာကွယ်ရေးတပ် PDF ဘက်က ထိခိုက်၊ ကျဆုံးမှု မရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ ထိခိုက်၊ ကျဆုံးမှုအခြေအနေကိုလည်း စုံစမ်းနေဆဲလို့ ဆိုပါတယ်။ ဒီကနေ့ ညပိုင်းကလည်း မိုးကြိုးပြင် ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ ရှိတယ်လို့ ပြောပါတယ်။

အဲဒီဒေသမှာ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေ ပြန်စဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီအတွက် ဝင်ငွေရစေမယ့် ဒီလုပ်ငန်းခွင်တွေ ပြန်စရင် တိုက်ခိုက်သွားမယ်လို့ ဒေသခံ PDF တွေက ကြေညာချက်ထုတ် ပြောထားပါတယ်။

စစ်ကောင်စီဘက်ကလည်း အဲဒီဒေသမှာ လုပ်နေတဲ့ ကြေးနီစီမံကိန်းတွေအတွက် လုံခြုံရေးချယူပေးသွားမယ်လို့ ပြောထားပါတယ်။

ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရှိသူ ကိုစစ်နိုင်က ဒီဒေသမှာ စစ်တပ်ဘက်က အင်အားတိုးချလာနေတယ်လို့ ပြောပါတယ်။

"ပထမကတည်းက စီမံကိန်းတစ်ခုမှာ အင်အား ၂ဝဝ လောက်ချထားတယ်၊ ဝမ်ပေါင်ထဲမှာဆိုရင်လည်း ၆ဝ မမ တွေ၊ ၁၂ဝ မမတွေ၊ စက်လက်တွေ ပတ်ပတ်လည် ဆင်ထားပြီးသား၊ ရွာတွေထဲကို ၁၂ဝ မမနဲ့ လှမ်းပစ်တာမျိုး လုပ်တယ်၊ အခု လက်ရှိမှာ အင်အားတွေ ထပ်တိုးပြီး၊ ဘေးပတ်ချာလည်ရွာတွေကို လှည့်ချိန်မှာ တိုက်ပွဲဖြစ်တာ"

ကြေးနီစီမံကိန်း လုံခြုံရေးတပ်နဲ့ ဒေသခံ PDF တို့ကြား တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဒီစီမံကိန်းတွေဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဖြစ်လို့ အကာအကွယ်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကိုပြောထားပါတယ်။