ချင်းအမျိုးသားတပ် ခေါင်းဆောင်အပါအဝင် ငါးဦး မီဇိုရမ်မှာ ဖမ်းဆီးခံရ

RFA Burmese
2025.01.16
ချင်းအမျိုးသားတပ် ခေါင်းဆောင်အပါအဝင် ငါးဦး မီဇိုရမ်မှာ ဖမ်းဆီးခံရ ချင်းအမျိုးသားတပ်ဦး (CNF) တပ်ဖွဲ့ဝင်များအား၂ဝ၂၂ ခုနှစ်နှောင်းပိုင်းက တွေ့ရစဉ်။
Photo: RFA

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အနောက်ပိုင်း မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) က ခေါင်းဆောင်တစ်ဦး အပါအဝင် ငါးဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးမိကြောင်း အိန္ဒိယအခြေစိုက် ThePrint သတင်းက ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။

CNF ခေါင်းဆောင်တစ်ဦးလို့ ပြောပေမဲ့ နာမည်နဲ့ ရာထူးအသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။

အိန္ဒိယရဲနဲ့ ထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးမိသူတွေဆီက AK-47 ရိုင်ဖယ် ခြောက်လက်၊ ကျည်ကတ် ၁၃ ခုနဲ့ ကျည်ဆန်တစ်သောင်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုဖမ်းဆီးရမိတာ ပြည်နယ်တွင်း ပမာဏအများဆုံး လက်နက်သိမ်းဆည်းရရှိမှုတွေထဲက တစ်ခုဖြစ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့လည်း အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

ကနဦးစစ်ဆေးမေးချက်အရ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ CNF နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ (UPDFP) တို့ ကြား ရောင်းဝယ်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေကြားလာတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။