စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးကို အချက် ငါးချက်နဲ့ စဉ်းစားမည့်အကြောင်း CNF ပြော
2024.11.02
စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ နိုင်ငံတကာရှေ့မှာ ပြုလုပ်ရေးနဲ့ စစ်တပ် နိုင်ငံရေးက ထွက်ရေးအပါအဝင် ရပ်တည်ချက် ငါးချက်ရှိတယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့က ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါး (Dr. Sui Khar) က ပြည်သူတွေ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စက်တင်ဘာလ ၂၆ ရက်နေ့က ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးရေးကို ငြင်းဆိုခဲ့ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ရပ်တည်ချက်အကြောင်းကို ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါးက အခုလိုပြောလိုက်တာပါ။
"တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ခိုင်မာတဲ့ ရပ်တည်ချက် ရှိပါတယ်၊ အဲတာကိုလည်း ဒီကနေ ပြောပြချင်ပါတယ်၊ ဒီတွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့တစ်တွေရဲ့ ရပ်တည်ချက်ကတော့ နံပါတ်တစ်က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး အကြမ်းဖက်မှုကို ချုပ်ငြိမ်းစေရန် ဖြစ်ပါတယ်၊ နှစ်ကတော့ ၂၀၀၈ ကို ပယ်ဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအသစ်ရေးစွဲရန်၊ သုံးကတော့ စစ်တပ်ဟာ နိုင်ငံရေးမှာ လုံးဝပါဝင်ပတ်သက်မှုမရှိဘဲ ပြည်သူအုပ်ချုပ်ရေး အောက်မှာပဲ လုံးလုံးလျားလျားထားရှိရန်၊ နံပါတ်လေးက အသွင်ကူးပြောင်းရေး တရားမျှတမှု ဖော်ဆောင်ထုတ်ရန်၊ ငါးကတော့ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတကာ တတိယအင်အားစုတွေ ရှေ့မှာ ပြုလုပ်ရန်တို့ ဖြစ်ပါတယ်"
ဒီစစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေကလည်း ပြတ်ပြတ်သားသား ငြင်းပယ်ထားပါတယ်။
အခုဆင်နွဲနေတဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်ဖြုတ်ချရေးသာမကဘဲ မိမိတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရန်ဖြစ်ပြီး အဓိကအဟန့်အတားဖြစ်တဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်အောင် ရှင်းထုတ်ဖို့အတွက် တခြားတော်လှန်ရေးအင်းအားစုတွေနဲ့လည်း လက်တွဲဖော်ဆောင်နေတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ စခန်းကြီးငယ် ၅၂၈၀ ရှိတဲ့အထဲမှာ စခန်း ၃၅၀၀ ကျော်ကို တော်လှန်ရေးအဖွဲ့တွေက သိမ်းယူထားတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။