မဲဆွယ်စည်းရုံးရေး ကာလ ကော်မရှင်ကြေညာ
2015.08.18

နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လာမယ့်စက်တင်ဘာ ၈ရက်နေ့ကစပြီး နိုဝင်ဘာလ ၆ရက်နေ့အထိ မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေထံ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။
မဲဆွယ်စည်းရုံးတဲ့ကာလကို စက်တင်ဘာလ ၈ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ဆိုပြီး သတ်မှတ်တာဟာ လုံလောက်တဲ့အချိန်ကာလဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောပါတယ်။
"ကိုယ်မဲရရှိဖို့အတွက် ပါတီဝင်တစ်ဦးက အစကတည်းက လူထုကိုစည်းရုံးထားရင် မဲရနိုင်တာပေါ့နော်၊ ဥပမာ ကျနော် အမတ်လောင်းဆိုပါတော့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာ ကျနော်ဝင်အရွေးခံတယ်ဆို အစကတည်းက ရန်ကင်းမြို့နယ်မှာရှိတဲ့ လူတွေအတွက်ကို ကျနော်ကအလုပ်လုပ်ကိုင်မယ်၊ သူတို့ရဲ့လိုအင်ဆန္ဒတွေ လိုလားချက်တွေ ဖြည့်နိုင်အောင်အတွက် ကျနော်က ဆောင်ရွက်ပေးထားပြီး ကျနော်ကစည်းရုံးလို့ရတာပေါ့၊ ပါတီကိုသော်လည်းကောင်း ပုဂ္ဂိုလ်ကိုသော်လည်းကောင်း မဲပေးဖို့အတွက်ကို စည်းရုံးတာပါ၊ အဲ့တော့ အစောကြီးကတည်းကလုပ်ထားခဲ့ရင် ဒီရက်ပေါင်း ၆ဝ မဟုတ်ဘူး ဘယ်နှစ်ရက်ပဲပေးပေး ဒါကလုပ်လို့ရပါတယ်၊ ဒါဟာ ကျနော်တို့က နိုင်ငံတကာနဲ့ နှိုှုင်းယှဉ်ပြီးကြည့်တာဖြစ်ပါတယ်"
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ စက်တင်ဘာလ ၈ရက်နေ့ မနက် ၆နာရီကနေ နိုဝင်ဘာလ ၆ရက်နေ့ ည ၁၂ နာရီအထိ မဲဆွယ်စည်းရုံးနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေထံ ပေးပို့တဲ့အကြောင်း ကြားစာမှာ ပါရှိပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ရဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေကို ပိုစတာတွေနဲ့ ကြော်ငြာမယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီမှာ ခွင့်ပြုချက်တောင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသူ ၆၁၈၉ဦး ရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေမှာ ဒီနေ့ကစပြီး ၁၀ရက်ကြာ စိစစ်နေပါတယ်။