ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကနေ ၅၉ စလုံးကို ပြင်ဖို့ NLD ကြိုးစားမည်

0:00 / 0:00

သမ္မတအရည်အချင်း ဆိုင်ရာပုဒ်မ ၅၉(စ) ကို လတ်တလော မပြင်ဆင်နိုင်ခဲ့ရင်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပုဒ်မ ၄၃၆ကို ပြင်ဆင်ရေးကနေ တဆင့် ကြိုးပမ်းသွားမယ်လို့ NLD ပါတီက RFA ကိုပြောဆိုပါတယ်။

လွတ်တော်အတွင်းဖွဲ့စည်းထားတဲ့ ၃၁ ဦးပါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကော်မတီ ပြင်ဆင်ရေး အကောင်အထည်ဖေါ်မှုအဖွဲ့မှာ သမ္မတအရည်အချင်း ဆိုင်ရာပုဒ်မ ၅၉(စ) ကို မပြင်ဆင်ဖို့ မဲခွဲဆုံးဖြတ် လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီး NLD ပါတီက အခုလို ပြောလိုက်တာပါ။

၃၁ ဦးကော်မတီမှာ ပါဝင်သူ လွှတ်တော်အမတ်တွေ ထဲမှာ ကန်ကွက်သူ ၂၆ မဲနဲ့ ပုဒ်မ ၅၉(စ) ကို မပြင်ဆင်ဘို့ ဆုံးဖြတ်ခဲ့တာလို့ အဖွဲ့ဝင် ၂ ဦးကို ကိုးကားပြီး ဒီကနေ့ ရိုက်တာသတင်းကလည်း ရေးသားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ကို ဆက်သွယ်မေးမြန်းရာ မှာ အခုလို ဖြေကြားပါတယ်။

"ဒီအခြေအနေတွေ ရောက်လာမယ်ဆိုတာ ကျမတို့ လက်ခံထားပြီးသားပါ၊ ကျမတို့က ဒီလိုမျိုး အချက်တွေ အချက်တွေ ပြောနေမဲ့အတူတူတော့ ၄၃၆ ကိုပဲ ကျမတို့ ဦးစားပေးပြီး ပြောတော့မယ်ဆိုပြီး ကျမတို့က ၄၃၆ ကိုဦးစားပေးပြီးပြောတာ ၄၃၆ က အဓိကလည်း အဓိကအကျဆုံးဖြစ်လို့ ၄၃၆ ကို ကျမတို့ ပြန်ပြီး ပြောင်းပြီး ပြောနေတာပါ၊ ၄၃၆ ကိုပြင်ပြီးပြီဆိုရင် ဒါတွေက နောက်ပိုင်း အကုန်လုံး ၅၉(စ)ကို ပြင်ချင်တဲ့ အချက်တွေက ဒီ ၄၃၆ ကိုပြေလည်သွားပြီးဆိုရင် နောက်ပိုင်းကဟာတွေ သူ့ဟာနဲ့သူ အဆင့်ဆင့်၊ အဆင့်ဆင့် ကျမတို့ ပြင်လို့ရပါတယ်၊ ပြင်လို့ရပြီဆိုကတည်းက ကျမတို့ ကြိုက်တာကို ပြင်လို့ရသွားပြီလေ"

NLD ပါတီအနေနဲ့ ပုဒ်မ၅၉(စ) ကိုပြင်ဆင်ဘို့ ဆန္ဒရှိတာကတော့ လူတစ်ဦးတစ်ယောက် အပေါ်မှာ ရည်ရွယ်ပြီး ထုတ်ပြန်ထားတာကြောင့် ဒီမိုကရေစီကျင့်စဉ်များနဲ့ သွေဖီနေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ခုလို ၃၁ ဦး ကော်မတီမှာ ၅၉(စ) ကို မပြင်ဆင်ဖိုပ ဆုံးဖြတ်လိုက်ပေမဲ့ ဆုံးဖြတ်ချက်ဟာ အတည် မဟုတ်သေး ဘဲ ပြည်ထောင်စုလွတ်တော်ကို ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။ ၃၁ကော်မတီအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံပြင် ဆင်ရေးနဲ့ပတ်သက်လို့ ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြီး ၂၀၁၅ရွေးကောက်ပွဲ မတိုင်ခင် အနည်းဆုံး ၆ လ အလိုမှာ ပြည်ထောင်စု လွှတ်တော်ကို ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တချို့နဲ့ နိုင်ငံရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ်တချို့ရဲ့အမြင် တွေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။