၅၉ (စ) ပြင်ဆင်ရေး NLD ကြိုးပမ်းချက် လွှတ်တော်မှာရှုံးနိမ့်

သီဟထွန်း၊ သက်စုအောင်
2020-03-11
Share

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၂ဝဝ၈  ဖွဲ့စည်းပွဲအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) အပါအဝင် ပြင်ဆင်ချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဒုတိယနေ့အဖြစ် မဲခွဲဆုံးဖြတ်ရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ မဲ ၈ဝ ရာခိုင်နှုန်းကျော် ရခဲ့ပေမယ့် တပ်မတော်သားတွေရဲ့ ထောက်ခံမှု မရတဲ့အတွက် ရှုံးနိမ့်သွားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆန္ဒမဲပေးတဲ့ လွှတ်တော်ကိုယ်စားလှယ် ၆၃၅ ဦးထဲမှာ ပုဒ်မ ၅၉ (စ)နဲ့ ပတ်သက်လို့ ထောက်ခံမဲ ၃၉၃ မဲသာရခဲ့တဲ့အတွက် လုံလောက်တဲ့ ၇၅ ရာခိုင်နှုန်းကျော် မရခဲ့ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံမဲပေးခဲ့ပေမယ့် ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုမရတဲ့အတွက် ရှုံးနိမ့်သွားတာလို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုး ဒီနေ့ ရှုံးနိမ့်ရတာနဲ့ပတ်သက်လို့ အခုလို မှတ်ချက်ချပါတယ်။

"ဘာမှအထွေအထူး ပြောစရာမရှိပါဘူး။ ရွေးကောက်ခံ ကိုယ်စားလှယ်ရဲ့ ၈၅ ရာခိုင်နှုန်းအထက်က ထောက်ခံထားတာ။ ရွေးကောက်ခံ ကိုယ်စားလှယ် အများစုနော်။ ၈၅ ရာခိုင်နှုန်း အထက်က ထောက်ခံထားတာဖြစ်တယ်။ ၅၉ (စ) ဆိုလို့ရှိရင် လေးရာမကျော်ဘူးပေါ့။ လေးရာ မကျော်ဘူးဆိုတဲ့အတွက် ၈၀ ရာခိုင်နှုန်းနီးပါးက ထောက်ခံထားတာဖြစ်တယ်။ ရွေးကောက်ခံကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်းနီးပါးက ထောက်ခံထားတာကို ပြင်ဆင်ခွင့်မရဘူးဖြစ်တဲ့အတွက် ဆရာတို့ အနေနဲ့တော့ စိတ်မကောင်းဘူးပေါ့။"

ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေး မူကြမ်းကို တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး၊ ကြံ့ခိုင်ရေးပါတီက ၄၀ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁ ဦးက ကန့်ကွက်မဲပေးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကတော့ ပုဒ်မ ၅၉ (စ) ကို မပြင်ဖို့ ဆုံးဖြတ်လိုက်တာက တစ်နိုင်ငံလုံးရဲ့ အောင်ပွဲလို့ ဆိုပါတယ်။

"တစ်နိုင်ငံလုံးအတွက် အောင်ပွဲလို့ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒီပြဌာန်းထားတဲ့ ဥပဒေက ကိုယ့်နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ကိုယ့်နိုင်ငံတော်သူ နိုင်ငံသားတွေရဲ့ လက်ထဲမှာရှိအောင် တခြား ဘယ်ပြည်ပ ပယောဂကမှ ဝင်မစွက်ဖက်နိုင်အောင် ဒီဟာကို ပြည့်ပြည့်စုံစုံ ပြဌာန်းထားတာလေ။ ပြည့်ပြည့်စုံစုံ ပြဌာန်းထားတာကို ပြည်သူအများစုလက်ခံတယ်၊ ယုံကြည်တယ်။ ဒါကို ပယ်ဖျက်တာကို မလိုလားဘူး ဒီအတွက် ဒါအားလုံးနဲ့ သက်ဆိုင်တဲ့ အောင်မြင်မှုလို့ပဲ မြင်ပါတယ်။"

ပေးခဲ့တဲ့ မဲအရေအတွက်နဲ့ တက်လာတဲ့ ကိုယ်စားလှယ်စားရင်းတွေအရ NLD ပါတီနဲ့ တိုင်းရင်းသားပါတီတွေက အမတ် စုစုပေါင်း ၄၂၈ ဦးထဲက ၅၉ (စ) ကို ထောက်ခံတဲ့ ကိုယ်စားလှယ် ၃၉၃ ဦးရှိတဲ့အတွက် တိုင်းရင်းသား ပါတီတွေထဲကလည်း ကန့်ကွက်သူ ၃၅ ဦးခန့် ရှိနိုင်ပါတယ်။ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ၃၇၇ ဒီနေ့ တက်ရောက်မဲပေးခဲ့တာဖြစ်ပြီး ပုဒ်မတစ်ခု အောင်မြင်ဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးရဲ့မဲ လိုအပ်ပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပုံရှိတဲ့အတွက် ဒီပုဒ်မအပေါ် တိုင်းရင်းသား ကိုယ်စားလှယ်တွေက သိပ်ထောက်ခံမှုမရှိတဲ့ သဘောဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် ကန့်သတ်ထားတယ်ဆိုပြီး အပြန်အလှန်စွပ်စွဲနေတဲ့ ဒီပုဒ်မအပေါ် တိုင်းရင်းသားတွေက သိပ်အလေးအနက်မထားပါဘူးလို့ ပြောပါတယ်။

"ပုဒ်မ ၅၉ ( စ) ကျတော့ ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ရွယ်ပြီးတော့ ပြဌာန်းထားတာလို့ ဒီဘက်က စွပ်စွဲသလို ဒီဘက်ကလည်း တကယ်ပဲ အဲဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်အတွက် လိုချင်နေတာလား ဆိုတဲ့အပေါ်မှာ စဉ်းစားရမှာဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ကတော့ လူတစ်ဦး တစ်ယောက် သမ္မတ ဖြစ်ဖို့အတွက်၊ နောက်ပြီးတော့ သမ္မတ မဖြစ်ဖို့အတွက် ကျနော်တို့ စိတ်ထဲမှာ အဲလောက် အလေးအနက်မထားပါဘူး။ ဒါကတော့ ကျနော်တို့ တိုင်းရင်းသားတွေ့ရဲ့ ခံယူချက်ပေါ့။"

ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ ထူးခြားချက်က NLD ပါတီက ဦးထွန်းထွန်းဟိန် ဦးဆောင်တဲ့ ကာလုံနဲ့ပတ်သက်တဲ့ ပုဒ်မတွေ ပြင်ဆင်ခွင့် ရှုံးနိမ့်ခဲ့သလို၊  ကြံ့ခိုင်ရေးပါတီက ဒေါက်တာ မောင်သင်းနဲ့ ဦးစိုင်းသန်းနိုင်တို့ တင်သွင်းတဲ့ ကာလုံနဲ့ပတ်သက်တဲ့ အဆို မူကြမ်း ပုဒ်မတွေလည်း တစ်ခုမှ မအောင်မြင်ခဲ့ပါဘူး။

အဲဒါတွေကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံကို ပြန်လည်ဖွဲ့စည်းတဲ့ ပုဒ်မ ၂၀၁၊ ပုဒ်မ ၁၄၁ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ် အရေအတွက် ‌လျှော့ချရေး၊ ပုဒ်မ ၄၁၀၊ ၄၁၁ မှာ အရေးပေါ် အခြေအနေ ကြေညာခြင်းနဲ့ ပတ်သက်ပြီး ကာလုံနဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချတဲ့ ပြင်ဆင်ချက် စတဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။

ကြံ့ခိုင်ရေးပါတီက ဦးစိုင်းသန်းနိုင် တင်ပြတဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြင့်တဲ့ အချက်တွေထဲမှာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အပြန်အလှန်ထိန်းကျောင်းမှု ယိုယွင်းလာရင် လွှတ်တော်တွေကို ဖျက်သိမ်းဖို့ သင့် မသင့် အကြံပေးဖို့၊ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် သုံးပုံ တစ်ပုံနဲ့အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားရင် လွှတ်တော်ကို ဖျက်သိမ်းဖို့ အကြံပြုနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။

NLD ဦးထွန်းထွန်းဟိန်း ဦးဆောင်တင်ပြတဲ့ ကာလုံကို ပြင်ဆင်တဲ့ အချက်ထဲမှာ လက်ရှိ ကာလုံထဲမှာပါဝင်တဲ့ နယ်စပ်ရေးရာဝန်ကြီးကို ထုတ်ပယ်ပြီး အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ တို့ကို အသစ်ထည့်သွင်းဖို့ ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်မူကြမ်းတွေလည်း ၇၅ ရာခိုင်နှုန်း ထောက်ခံမှုမရတဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်မပါဘဲ မအောင်မြင်နိုင်တာကို သိလျက်နဲ့ မဲခွဲဆုံးဖြတ်တာ ဘာကြောင့်လဲလို့ မေးခွန်း ထုတ်ပါတယ်။

"အခန်း ၁၂ နဲ့ သွားမယ်ဆိုရင် ပုဒ်မ ၄၃၆ အရ တပ်မတော်သားတွေရဲ့ သဘောတူညီချက် တပ်မတော်သားတွေ ရဲ့ ထောက်ခံမှုမပါဘဲနဲ့ ဒါမပြင်နိုင်ဘူးဆိုတာ အခြေခံဥပဒေအရ သိနေတာပဲလေ။ သို့သော်လည်းပဲ ဒါတွေကို ညှိနှိုင်းဆောင်ရွက်မှုမရှိဘဲနဲ့ အခုလို ဆောင်ရွက်တာကိုက တခြား မမျှော်မှန်းနိုင်တဲ့ ရည်ရွယ်ချက်တွေ ရှိနိုင်တဲ့အနေအထားရှိတာပေါ့။ ဒါပေမဲ့ ခုနပြောသလို ၂၀၂၀ ရွေးကောက်ပွဲကို သွားမလားမသွားဘူးလား သူ့အတွက် သက်ရောက်မှုရှိလား မရှိလားဆိုတာကို ကြိုမပြောနိုင်ဘူး။"

မနက်ဖြန် ၃-ရက်မြောက်နေ့မှာ စုစုပေါင်း ပုဒ်မ ၁၄-ခု ကို မဲခွဲမှာဖြစ်ပြီး ဖွဲ့စည်းပုံ အခန်း-၁၁ အရေးပေါ်ကာလ ကြေငြာချက်များနဲ့ သက်ဆိုင်တဲ့ ပုဒ်မ-၄၁၂၊ ၄၁၃၊ ၄၁၅၊ ၄၁၇၊ ၄၁၈ နဲ့ ၄၂၁ ပြင်ဆင်ချက်တွေဖြစ်ပါတယ်။

အဲဒီပုဒ်မတွေအရ လုပ်ပိုင်ခွင့်ပေးထားတဲ့ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်တွေ"ကို အန်အယ်ဒီ-ပါတီက ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းတဲ့ မူကြမ်းမှာ ပြင်ဆင်တာ ပယ်ဖျက်တာတွေ ပြုလုပ်ထားပါတယ်။

(မှတ်ချက်။ ။ ဤဗီဒီယိုဆောင်းပါးတွင်ပါရှိသည့်... "ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆွေးနွေးရင်း ပူးပေါင်းလာမယ်လို့ ယူဆတဲ့အတွက် ပြင်ဆင်ဖို့ကြိုးစားခဲ့ကြောင်း" မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ကိုးကားပြီး ပြည်တွင်း သတင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည့် သတင်းသည် မှန်ကန်မှုမရှိကြောင်း မန္တလေးတိုင်းအစိုးရ ပြန်ကြားရေးဌာနက မတ်လ ၁၁ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။