ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာကို မနက်ဖြန် မဲခွဲဆုံးဖြတ်မည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူပေါင်းကော်မတီရဲ့ အစီရင်ခံစာကို မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်မယ်လို့ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ် က ပြောပါတယ်။

အဖွဲ့ဝင် ၄၅ ဦးပါ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ကိုယ်စားလှယ် ၄၁ ဦးက ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။

ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို တပ်မတော်သားကိုယ်စားလှယ် ၇၈ ဦးက ပါဝင်ဆွေးနွေးဖို့ အရင်က စာရင်းပေးထားပေမယ့် ဆွေးနွေးခါနီးမှာ ပြန်လည်ရုပ်သိမ်းသွားတာကြောင့် တခြားကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတာပါ။

အစီရင်ခံစာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်၊ ဖြည့်စွက်၊ ပယ်ဖျက်ချက်ပေါင်း ၃၇၆၅ တင်သွင်းပေမယ့် တပ်မတော်သားတွေကတော့ တင်သွင်းခဲ့တာမရှိပါဘူး။

အဲဒီထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က အချက်ပေါင်း ၁၁၁၂ ချက်၊ ရခိုင်အမျိုးသားပါတီက ၈၅၈ ချက်နဲ့ အများဆုံးတင်သွင်းထားတာဖြစ်ပါတယ်။

လက်ရှိအာဏာရ အင်န်အယ်လ်ဒီပါတီဟာ ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်းကလွဲလို့ ကျန်တဲ့ကဏ္ဍအကုန်လုံးမှာ ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်ဖို့ တင်သွင်းထားပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ တော့ ပါဝင်ခြင်းမရှိပါဘူး။

(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)