အာဏာသိမ်းကာလ အသက်ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းကြောင်း အမေရိကန်သံရုံး ထုတ်ပြန်
2024.07.23

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ဟုန်ထိုးမြင့်တက်လာတဲ့ ပဋိပက္ခအတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေ အားလုံးအတွက် ပူဆွေးသောကရောက်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇူလိုင်လ ၂၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ သေဒဏ်စီရင်ခံရတဲ့ နှစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာပါ။
အမေရိကန်သံရုံးမှာရှိတဲ့ ကျဆုံးသူတွေရဲ့ အထိမ်းအမှတ်နေရာမှာ အာဏာရှင်အဖွဲ့အစည်းကြောင့် အသက် သေဆုံးခဲ့ရသူတွေအတွက် ဂုဏ်ပြုထားတဲ့ အမှတ်တရ ကျောက်တုံးပေါင်း ၅၄၀၀ နီးပါးထားရှိခဲ့ပြီလို့ ဆိုပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီနဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် သူတို့နှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (ဈ)၊ ၅၀ (ည) တို့နဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာတော့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။