ရွှေဆိုင်ပိုင်ရှင် ကိုအောင်ထွန်းက အခင်းဖြစ်ပွားပုံကို အခုလို ပြောပါတယ်။
"ကားတစ်စီးက ဆိုင်ရဲ့ ဟိုဘက်ကမ်းမှာရပ်ထားတာ၊ ပြီးတော့ အဲဒီပေါ်က နှစ်ယောက် ဆင်းလာပြီးတော့ ဆွဲကြိုးကြည့်တယ်။ ဆွဲကြိုးကြည့်ရင်းနဲ့ တစ်ယောက်က ဆတ်ဆိုယူပြီး ထွက်ပြေးတာ ကြိုးတစ်ကုန်းပါပဲ။ တစ်သိန်းကျော်လောက်ပဲ ရှိတာပါ။ တစ်ယောက်က ကားရပ်ထားတဲ့ ဟိုဘက်ကမ်းကိုပြေးတယ်။ တယောက်က ဆန့်ကျင်ဘက်ပေါ့ဗျာ။ တဖက်ဆီပြေးတာပေါ့။"
အခင်းဖြစ်ပွားခဲ့တဲ့ အောင်ရွှေဆိုင်ဟာ တောင်ဥက္ကလာပ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ ရွှေဆိုင်ဖြစ်ပါတယ်။
အဲဒီ ရဲစခန်းကို လုယက်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ အာအက်ဖ်အေက ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ တာဝန်ကျရဲဝန်ထမ်းက - သူ မကြားသိတဲ့အကြောင်း၊ မေးကြည့်ပေးမယ့်အကြောင်းပြောပြီး အာအက်ဖ်အေ အသံလွှင့်ဌာနက ဆက်သွယ်ကြောင်း ပြောဆိုချိန်မှာ မဖြေဆိုဖို့ ညွှန်ကြားသံကို ကြားရပါတယ်။
အောင်ရွှေဆိုင်ပိုင်ရှင်ဖြစ်သူကတော့ လုယက်မှု ဖြစ်ပွားခဲ့ပြီး ချက်ချင်း မျက်နှာချင်းဆိုင်မှာရှိတဲ့ ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်းနဲ့ အခုလို လူစည်တဲ့အချိန် အတင့်ရဲစွာ လုယက်ခံရတဲ့ အခြေအနေကို မကျေနပ်တာဖြစ်ကြောင်း အခုလို ပြောပါတယ်။
"တစ်ယောက်က ယူပြီးထွက်ပြေးတာ၊ အဲဒီကောင်ကို ဝိုင်းဖမ်းတော့ အဲဒီကောင်က ကားပေါ်ကိုတက်တယ်။ ကားသမားကို ဝိုင်းတားတော့ ကားသမားက ဆက်မောင်းတယ်။ အဲဒီစခန်းထိပ်မှာပဲ ထွက်ပြေးသွားတဲ့ နောက်တကောင်ကိုပါ ထပ်တင်ပြီးတော့မှ အဲဒါ စံပြဈေးမှာချတယ်လို့ ပြောတာပဲ။ ကားသမား လာအဖမ်းခံတော့ စခန်းကျတော့ သူ့ကိုအချွန်နဲ့ ထောက်တယ်လို့ ဘာတို့ လျှောက်ပြောတာ၊ ဘာအချွန်နဲ့မှ ထောက်တာလည်း မတွေ့ပါဘူး။ ဒဏ်ရာလည်း မတွေ့ဘူး။ လုပ်ပုံကတော့ဗျာ၊ ပေါင်းပြီးချတာပါပဲ။ တန်ဖိုးက အဓိကမဟုတ်ဘူး။ လုပ်ပုံက လာပြီးတော့ ဗြောင်ကျကျကြီး လုပ်သွားတာ။ ဂတ်ရှေ့မှာဗျ။"
အောင်ရွှေဆိုင်ထဲဝင်ပြီး ဆွဲကြိုးလုယက်သူ နှစ်ယောက် အပါအဝင် ကားသမားနဲ့ (၃) ဦးဟာ အသက် ၃၀ အောက် အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဆိုင်ပိုင်ရှင် ကိုအောင်ထွန်းက တောင်ဥက္ကလာပ ရဲစခန်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
