အာဆီယံအသိုင်းအဝိုင်းကို စစ်တပ်ခန့်အစိုးရ ဝေဖန်

အာဆီယံအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ ဝေဖန်ပြောဆိုတာ၊ ဖိအားပေးတာတွေ ရှိနေ

မြန်မာနိုင်ငံက ၂ဝ၂၅ ရွေးကောက်ပွဲရလဒ်အပါအဝင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက နားလည်သဘောပေါက်ပေမဲ့ အဖွဲ့ဝင်နိုင်ငံတချို့ကတော့ မြန်မာနိုင်ငံအပေါ် ခွဲခြား ဆက်ဆံတာ၊ ကန့်သတ်တာ၊ တန်းတူကိုယ်စားပြုမှု မပေးတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြီး အာဆီယံအသင်းကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ အာဆီယံ ပဋိဉာဉ်ကို ဖောက်ဖျက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ ဝေဖန်ပြောဆိုတာ၊ ဖိအားပေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒီအပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က “သူ့(စစ်ခေါင်းဆောင်)ရဲ့ မျှော်မှန်းချက်က ၂ဝ၁ဝ တုန်းက ဦးသိန်းစိန် စပြောင်းလိုက်တဲ့အချိန်မျိုးမှာ နိုင်ငံတကာက လက်ခံတဲ့ ပုံစံမျိုးကို သူ့အနေနဲ့ မျှော်လင့်ထားတယ်။ အဲဒီမျှော်လင့်ချက်နဲ့ ကိုက်ညီတဲ့ အာဆီယံဘက်က တုံ့ပြန်ချက်မျိုးမရတာကြောင့် သူက ဝေဖန်တာလို့ မြင်လို့ရပါတယ်။ အာဆီယံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်၊ မစွက်ဖက်ဘူးဆိုတာထက် အပြည်ပြည်ဆိုင်ရာ ဥပဒေသဘောတွေ စံနှုန်းသတ်မှတ်ချက်တွေအရဆိုရင် ဒါက ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ မဲပေးထားတဲ့ဟာကို လက်နက်ကိုင်ပြီး အာဏာသိမ်းယူလိုက်တယ်ဆိုတာက ဒီမိုကရေစီစံနှုန်းအရ မဖြစ်သင့်ဘူးဆိုတဲ့ ယူဆချက်တွေ ရှိတယ်” လို့ သုံးသပ်ပါတယ်။

မြန်မာစစ်တပ်ကတော့ ၂ဝ၂၅ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရသစ်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က ခွဲခြားဆက်ဆံနေတာဟာ ဒီမိုကရေစီနည်းလမ်းကျ မဲပေးခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို လျစ်လျူရှုရာရောက်တယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကန့်ကွက်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာတွေ ဒါမှမဟုတ် အတင်းအကျပ် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲတွေကတစ်ဆင့် ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း တရားမျှတပြီး ဒီမိုကရေစီနဲ့ ပြည်သူတွေရဲ့ အချုပ်အခြာအာဏာအပေါ် အခြေခံတဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအကူးအပြောင်းကတစ်ဆင့်သာ အခြေခံကျကျ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ NUG က ဆိုပါတယ်။

စစ်တပ်က ပြည်သူတွေအပေါ် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာတွေမရပ်ဘဲ ပြုပြင်ပြောင်းလဲရေး ဖြစ်လာမှာမဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဒေးဗစ်ဂွမ်အောင်က ထောက်ပြပါတယ်။

“ဒီတစ်ခေါက် အာဆီယံရဲ့ ရပ်တည်ချက်က စစ်ကော်မရှင်အတွက်တော့ အနာပေါ် တုတ်ကျသလို ဖြစ်သွားပုံရတယ်။ စစ်အုပ်စုအနေနဲ့ အခြေအနေတွေကို တိုးတက်ပြောင်းလဲစေချင်တဲ့ နိုင်ငံရေး စိတ်ဆန္ဒ အမှန်တစ်ကယ်သာရှိတယ်ဆိုရင် အရင်ဆုံးပြည်သူတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေတာတွေကို ရပ်တန်းကရပ်ပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လိုပါတယ်”

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ အာဆီယံအစည်းအဝေးတွေ ကျင်းပနေတဲ့ မေလ ၇ ရက်နေ့တစ်နေ့တည်းမှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်က အသက်မပြည့်သေးတဲ့ ကလေး သုံးဦးအပါအဝင် စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့သလို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာလည်း ကလေး တစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

စစ်တပ်ဟာ ဝါဒဖြန့်ဖို့ပဲလုပ်နေတာလို့ ရခိုင်နိုင်ငံရေးသမား ကိုဝေဟင်အောင် က ဝေဖန်ပါတယ်။

“နိုင်ငံတကာက ဘယ်လိုပြောပြော ပြည်သူတွေကို သူကတော့ နေ့စဉ်ရက်ဆက်သတ်ဖြတ်နေတာပဲ။ နိုင်ငံတကာမှာလည်း လူရာဝင်ချင်တယ်၊ နိုင်ငံတကာစကားကိုလည်း သူ နားမထောင်ဘူး။ အရပ်သားပြည်သူတွေကို လေယာဉ်နဲ့ သွားပစ်ပြတယ်၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြတယ် ပြီးရင် ရန်သူတွေကိုပဲ သုတ်သင်နိုင်သလိုမျိုးနဲ့ ဝါဒဖြန့်တဲ့လုပ်ရပ်တွေ လုပ်နေတယ်”

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်တပ်ခန့် သမ္မတ ကို မဖိတ်ခဲ့သလို စစ်တပ်ဦးဆောင်ကျင်းပတဲ့ ၂ဝ၂၅ ရွေးကောက်ပွဲ ရလဒ်နဲ့ စစ်တပ်ခန့် အစိုးရသစ်ကိုလည်း အသိအမှတ်ပြုတာ မရှိခဲ့ပါဘူး။

လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေက မြန်မာ့အရေးနဲ့ပတ်သက်ပြီး တိုးတက်ပြောင်းလဲမှု မရှိသေးတဲ့အပေါ် စိတ်ပျက်နေကြောင်းနဲ့ မြန်မာဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ပြန်လည်ပါဝင်နိုင်ဖို့ လုံလောက်တဲ့ လုပ်ဆောင်ချက်တွေ မရှိသေးဘူးလို့သာ ထုတ်ပြောထားပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ အကြမ်းဖက်မှုတွေဟာ ဒေသတွင်းနိုင်ငံတွေအတွက် စိုးရိမ်စရာဖြစ် နေသေးတဲ့အကြောင်းနဲ့ မြန်မာပြည်အရေးဖြေရှင်းနိုင်ဖို့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကိုပဲ ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်ကြောင်း၊ ပိုပြီးသိသာထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုတွေ ရရှိဖို့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကတော့ မြန်မာစစ်အုပ်စုမှာ နိုင်ငံရေးအရ တရားဝင်မှု မရှိကြောင်း နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အပါအဝင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်ဖို့ ရည်ရွယ်ချက်မရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အားကိုးပြီး ငြိမ်းချမ်းရေးဆီ ဦးဆောင်ခိုင်းလို့ မရကြောင်း မေလ ၁၂ ရက်နေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။