ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် ဖူနွမ်း (Phunom) ကျေးရွာမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF-Zoland တပ်ဖွဲ့ဝင် ရဲမေ ၄ ဦးအပါအဝင် ရဲဘော် ၇ ဦးနဲ့ အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ချင်းပြည်နယ်ဒေသခံတွေက RFA ကို ပြောပါတယ်။
မေလ ၆ ရက်နေ့ ညနေပိုင်းမှာ တီးတိန်မြို့တောင်ဘက် မိုင် ၂၀ ကျော်အကွာမှာရှိတဲ့ ဖူနွမ်းကျေးရွာက AG ခရစ်ယာန်ဘုရားကျောင်းနဲ့ နောက်တန်းထောက်ပို့အဖွဲ့ ထမင်းချက်ပြုတ်နေတဲ့နေရာကို စစ်ကောင်စီဘက်က နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေပြောပြချက်အရ ညနေ ၄ နာရီဝန်းကျင်မှာ တစ်ကြိမ် ဒရုန်းနဲ့ ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ည ၇ နာရီဝန်းကျင်မှာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမရှိတဲ့နေရာကို စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးခဲ့ကြရတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘာတိုက်ပွဲမှ မရှိဘူး၊ ရဲဘော်တွေ ညနေစာချက်နေတုန်း ဒရုန်းနဲ့ တိုက်ခိုက်တာခံလိုက်ရတာ။ နေရာအတိအကျကို ထိသွားတာ၊ သတင်းအတိအကျရလို့ဖြစ်မယ်၊ PDF-Zoland က ရဲမေ ၄ ဦးနဲ့ ရဲဘော် ၃ ဦး သေဆုံးတယ်။ နောက် ထမင်းချက်ပြုတ်နေတဲ့ အရပ်သား ၃ ဦးလည်း သေဆုံးတယ်၊ အားလုံး အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၄ ဦးပါ”
စစ်တပ်တိုက်ခိုက်လို့ သေဆုံးခဲ့ရသူတွေထဲမှာ အသက်အရွယ်အတိအကျ မသိရသေးပေမယ့် PDF-Zoland ရဲမေတွေဖြစ်တဲ့ Haunu၊ Zomnu၊ Sung Sung၊ Neuneu နဲ့ Siancing တို့အပါအဝင် ရဲဘော် Siantawng (ခေါ်) Miaumiau နဲ့ Lian Bawi (ခေါ်) Arluu တို့ ပါဝင်တယ်လို့ ချင်းပြည်နယ်က ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုကြောင့် ဖူနွမ်းကျေးရွာက AG ဘုရားကျောင်းတစ်ကျောင်းလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး သင်းအုပ်ဆရာအပါအဝင် ဒေသခံအများအပြားလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။
PDF-Zoland ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်တာ မရှိသေးသလို တိုက်ခိုက်မှုဟာ ဒရုန်းနဲ့လား၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာလားဆိုတာကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး လည်းဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌအသစ်လည်း ဖြစ်တဲ့ ပူးကောလ်လျန်ထန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ဒေသခံတွေရဲ့ သတင်းပေးချက်အရ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF-Zoland တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဖူနွမ်းကျေးရွာဟာ မေလ ၅ ရက်နေ့က စစ်တပ် ပြန်လည်သိမ်းပိုက်ထားတဲ့ ကနေဒီတောင်အနီးမှာရှိတဲ့ ရွာဖြစ်ပါတယ်။
ဖလမ်းမြို့ကို စစ်တပ်က ဧပြီ ၂၅ ရက်နေ့က ပြန်လည်သိမ်းပိုက်ပြီးနောက် သိုင်းငင်းဘက်ကနေ တီးတိန်ကို စစ်ကြောင်းထိုးလာလို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ မေလ ၅ ရက်နေ့မှာတော့ ကနေဒီတောင်ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ထားတာဖြစ်ပါတယ်။
