ကျောက်တံခါးဒေသခံ နှစ်ဆယ်ဝန်းကျင်ကို စစ်တပ် ဖမ်းဆီးထား

ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းတလျှောက်က ရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံ နှစ်ဆယ်ဝန်းကျင်ကို ဖမ်းဆီး

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းတလျှောက်က ရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒေသခံ နှစ်ဆယ်ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ကျောက်တံခါးမြို့နယ် ကျောင်းစိုးရွာနဲ့ ရွာသာယာရွာက ဒေသခံတွေ ဖြစ်တယ်လို့ ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူတို့လက်ရှိရထားတဲ့ရွာ(ကျောင်းစိုးရွာ၊ ရွာသာယာရွာ)မှာ ရွာသား နှစ်ဆယ်လောက်ကို ဖမ်းထားတာရှိတယ်”

အဲဒီနှစ်ရွာအပြင် ရွာပေါင်း သုံးဆယ်ခန့်က ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့လည်း ဆိုပါတယ်။

မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ စပြီး အမြန်လမ်းဟောင်းဘေးက ရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်သလို ကျောက်ကြီးမြို့နယ်တွင်းကိုလည်း အင်အားထောင်ချီဝင်လာတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အသတ်ခံရတဲ့ အရပ်သားတချို့ရှိတယ်လို့ သတင်းတွေ ရထားပေမဲ့ အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့် ပဲခူးတိုင်းအစိုးရအဖွဲ့ကို RFA က ဆက်သွယ်လို့မရသေးပါဘူး။

မေလ ၇ ရက်နေ့ကလည်း ထန်းတပင်မြို့နယ်နဲ့ ဖြူးမြို့နယ်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး သုံးဦးအပါအဝင် စုစုပေါင်း ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။

ပဲခူးတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေက စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးဖော်နေပြီး စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။