အစိုးရအဖွဲ့ဝင် ဝန်ကြီးအသစ်တွေ CRPH ခန့်အပ်

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်လောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်တောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အစိုးရ အဖွဲ့ဝင် ဝန်ကြီးအသစ်တွေကို ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ တရားဝင်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းထားတာကြောင့် ပြည်သူ့အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ ဝန်ကြီးအသစ်တွေ ခန့်အပ်လိုက်တာလို့ CRPH ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

CRPH က ခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးနေရာအတွက် ဒေါ်ဇင်မာအောင်၊ သမ္မတရုံးဝန်ကြီးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးနေရာအတွက် ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးနဲ့ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး နေရာအတွက် ဦးတင်ထွန်းနိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးနေရာတွေအတွက် ဒေါက်တာဇော်ဝေစိုးကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ပြည်တောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက် အုပ်စုအဖြစ်ကြေညာထားသလို အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်မှန်သမျှကို မလိုက်နာဖို့၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ဆက်လုပ်သွားဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားဖို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ဒီကော်မတီမှာ ပါဝင်တဲ့သူတွေကို နိုင်ငံတော် အကြည်ညိုပျက်စေတယ် ဆိုပြီး တရားစွဲထားပါတယ်။