ဒိုက်ဦးထောင်ပိုင်နှင့် ထောင်ဝန်ထမ်းတချို့ ဖမ်းဆီးစစ်ဆေးခံနေရ

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို အပြင်က PDF တွေနဲ့ ဆက်သွယ်ဖို့ ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ပိုင်အပါအဝင် အကျဉ်းထောင် ဝန်ထမ်းရှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဇူလိုင်လ ၁၁ ရက်ဒီနေ့မှာ RFA ကိုပြောပါတယ်။

ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေကို ပြင်ပနဲ့ဆက်သွယ်ဖို့ အကူအညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒိုက်ဦးအကျဉ်းထောင်အဆောင်မှူး ဗိုလ်လေးမျိုးထိုက်ကို ဇွန်လ နောက်ဆုံးပတ်က စတင်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ထောင်ပိုင်ဖြစ်တဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းနဲ့ နောက်ထပ် ထောင်ဝန်ထမ်း ခြောက်ဦး ထပ်မံဖမ်းဆီးခံရတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

“ဗိုလ်လေးမျိုးထိုက်က သဘောကောင်းတယ်။ သူက ကူညီပေးချင်စိတ်လည်းရှိတော့ နိုင်ငံရေးအကျဉ်းသားတွေကို တချို့ကိစ္စတွေကူပေးတာတွေရှိတယ်။ သူအဖမ်းခံရတော့ ဗိုလ်လေးမျိုးထိုက် ဒီလိုလုပ်နေတာ မသိရကောင်းလားဆိုပြီး ထောင်ပိုင်နဲ့ တခြားဝန်ထမ်းတွေကိုပါ ထပ်ဖမ်းတာ။ ဖမ်းခံရတာတော့ သေချာတယ်။ ဒါပေမဲ့ ဘယ်နေ့ရုံးထုတ်မယ် တရားရုံးတင်မယ်ဆိုတာတွေတော့ မသိရသေးဘူး”

ဗိုလ်လေးမျိုးထိုက်ကတော့ ထောင်ပြင်ပကို ခေါ်ထုတ်ရိုက်နှက် စစ်ဆေးခံရပြီးနောက် သေဆုံးသွားပြီလို့ သူက ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကိုလည်း ထောင်ပြောင်းရွှေ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇွန်လ ၂၇ ရက်မှာ ထောင်ပြင်ခေါ်ထုတ်သွားခံရပြီး အဲဒီအထဲက ခုနစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားအရေး အကူအညီနေသူတွေက ပြောပါတယ်။

မေလ ၂၅ ရက်ကလည်း ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား၂၄ ဦး သီးခြားခေါ်ထုတ် ရိုက်နှက်စစ်ဆေးခံရပြီး အဲဒီအထဲက နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်ဝင်း သေဆုံးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မေလနဲ့ ဇွန်လအတွင်း ဒိုက်ဦးထောင်အပါအဝင် မြင်းခြံထောင်နဲ့ သာယာဝတီ ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်စစ်ဆေးခံရလို့ တချို့ သေဆုံးခဲ့သလို၊ တချို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၀ ရက်ထိ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၉၄၁၃ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၆၇၀၅ ဦး ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။