ဒိုက်ဦးထောင်ကနေ ခေါ်ထုတ်ခံရသူတွေထဲက ရှစ်ဦးသေဆုံးသွားကြောင်း AAPP အတည်ပြု

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်က ခေါ်ထုတ်ခံရပြီး ပျောက်ဆုံးနေတဲ့ နိုင်ငံရေး အကျဉ်းသား ၃၇ ဦးထဲက သေဆုံးသူ ရှစ်ဦးအထိရှိလာကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသွားသူတွေက ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုဇင်မြင့်ထွန်း၊ ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်းနဲ့ ကိုနေအေးတို့ ဖြစ်တယ်လို့ဆိုပါတယ်။

အကျဉ်းထောင်တွင်းသေဆုံးမှုတွေ ခပ်စိပ်စိပ်ကြားလာရပြီး စစ်အုပ်စုဟာ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူသတ်အလောင်းဖျောက်တဲ့ ရာဇဝတ်မှုတွေကျူးလွန်နေတာလို့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က အဲဒီထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

“အရေးတကြီး စစ်ဆေးအရေးယူရန် လိုအပ်လာသည့် ဥပဒေမဲ့သတ်ဖြတ်မှုများ” ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်ချက် ထုတ်ခဲ့တာပါ။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စစ်ကောင်စီကို အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ ချက်ချင်းဆောင်ရွက်ဖို့ကိုလည်း AAPP က တိုက်တွန်းထားပါတယ်။

ဒိုက်ဦးအကျဉ်းထောင်မှာပဲ အကျဉ်းကျနေတဲ့ ပဲခူးတိုင်း ဝေါမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဒီလည်း ကျန်းမာရေးဆိုးရွားလာလို့ ပဲခူးဆေးရုံကို ပို့ဆောင်ကုသစဉ် ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆို လာတာမျိုးတော့ မတွေ့ရသေးပါဘူး။

AAPP ရဲ့ ဇူလိုင်လ ၁၈ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ ၃၈၀၅ ဦး သေဆုံးခဲ့ရပြီး ၁၉၅၃၅ ဦး ဖမ်းခံထားရဆဲ ဖြစ်ပါတယ်။