ကောလင်းမြို့မှာ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရ

RFA Burmese
2023.12.31
ကောလင်းမြို့မှာ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရ ကောလင်းမြို့ ဘုန်းကြီးကျောင်းတစ်ကျောင်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ကတွေ့ရစဉ်။
Kawlin PDF

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ဘက်ကို ဝန်းသိုအခြေစိုက် စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၃၀ ရက်ညပိုင်း လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ည ရှစ်နာရီခွဲခန့်မှာ ဝန်းသိုအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ -၁၂၀) က လက်နက်ကြီးနဲ့ လေးချက်ခန့် ပစ်ခဲ့တာဖြစ်ပြီး ကောလင်းမြို့ အရှေ့ဘက်ခြမ်း တောင်မော်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် တောင်မော်ရွာက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သလို အသက် ၆၀ အရွယ် ဦးစံမင်း၊ အသက် ၄၀ အရွယ် ဦးဇော်မင်းနိုင်၊ အသက် ၃၀ အရွယ် မမင်းမင်းနဲ့ အသက် ၂၀ အရွယ် မဂျူးဂျူးနိုင်တို့လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းဒေသခံတွေက ပြောပါတယ်။

ဝန်းသို အခြေစိုက် ခမရ (၁၂၀) နဲ့ ခမရ (၁၁၁)ဟာ ကောလင်းမြို့ဘက်ကို တိုက်ပွဲမရှိဘဲ နေတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဝန်းသိုကနေ လှမ်းလှမ်းပစ်နေတာ။ ကြားထဲမှာ ခဏပဲ နားတယ်။ လက်နက်ကြီး ပစ်တဲ့ဟာ ကွဲသွားလို့ဆိုလား။ အခု နေ့တိုင်းကို ပစ်နေတာ။ ဟိုနေ့ကလည်း သေတဲ့သူတွေ ရှိတယ်။ ဘုန်းကြီးကျောင်းတွေထဲလည်း ကျပေါက်ကွဲလို့ ဘုန်းကြီးတွေလည်း ဒဏ်ရာရနဲ့။ ညကလည်း တောင်မော်ထဲကျကွဲပြီး အိမ်တွေ မီးလောင်တာရှိတယ်တဲ့။ ထိခိုက်တာ လေးဦးတော့ သိရတယ်။ တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ ဒီအတိုင်း ပစ်နေတာ”

ကောလင်းမြို့သတင်းတွေ ဖော်ပြနေတဲ့ Kawlin Revolution - KR ကလည်း ဝန်းသိုမြို့ အခြေစိုက် စစ်ကောင်စီတပ်က မနေ့ညပိုင်းမှာ ကောလင်းဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် တောင်မော်ရွာက ဒေသခံလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကလည်း အထက်ချင်းတွင်းဘက်ကို တာဝန်နဲ့ ရောက်ရှိနေတာကြောင့် ကောလင်းမြို့ဘက် အခြေအနေကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းကလည်း ဝန်းသိုမြို့ဘက်ကနေ ကောလင်းမြို့ဘက်ကို လက်နက်ကြီး လေးလုံး ပစ်ခတ်ခဲ့လို့ အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၆၆ နှစ်အရွယ် ဦးကျော်ဝင်းတို့ သုံးဦးသေဆုံးခဲ့ပြီး ဘုန်းကြီးတစ်ပါးနဲ့ ကလေးနှစ်ဦးရဲ့ မိခင်တွေ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့ကို NUG နဲ့ KIA ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၆ ရက်နေ့မှာ သိမ်းယူခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီလို့ ကြေညာထားတာပါ။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ ကောလင်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ ကွမ်းလုံမြို့တွေက ပြည်သူတွေ ဒီဇင်ဘာ ၂၈ ရက် ညနေ ခြောက်နာရီမတိုင်ခင် ထွက်ခွာဖို့ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။