ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်အပေါ် သံသယရှိကြောင်း NLD ပြော

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေဟာ သံသယဖြစ်ဖွယ်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဇူလိုင်လ ၁၄ ရက်ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ဟာ စစ်ကောင်စီရဲ့ စီစဉ်ပေးမှုနဲ့ ဇူလိုင်လ ၉ ရက်က နေပြည်တော်မှာ လျှို့ဝှက်တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံမှုအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ လွတ်လပ်စွာ ပူးတွဲပြောကြားနိုင်တဲ့ အခြေအနေမဟုတ်တာကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်တွေကို NLD ဗဟိုအလုပ် ကော်မတီဘက်က သံသယရှိနေတာပါ။

NLD ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်ကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခဲ့မှုမှာ ဘယ်သူမှမသိနိုင်တဲ့ အချက်အလက်တွေဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး တစ်ဦးတည်းကပဲ တစ်ဖက်သတ်ပြောဆိုမှုတွေဟာ အတည်ပြုနိုင်ဖို့ ခက်ခဲတယ်လို့ RFA ကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အခြေအနေမှာ၊ အာဆီယံတာဝန်ရှိသူနဲ့ နိုင်ငံတကာက တာဝန်ရှိသူတွေကိုယ်တိုင် တွေ့ဆုံဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရဘဲနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကျမှ တွေ့ခွင့်ရတယ်ဆိုတာက ဒါကစဉ်းစားစရာ အချက်တစ်ခုပါ”

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရချိန် ပြောကြားချက်တွေဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် စုံညီအစည်းအဝေး လွတ်လပ်စွာမကျင်းပနိုင်ခင်မှာ သူ့ရဲ့သဘောထား ဘာမှမပြောနိုင်ဘူးဆိုတဲ့ အချက်နဲ့ ပြည်သူတွေရဲ့ သဘောထားအတိုင်း ပြည်သူနဲ့အတူ ရပ်တည်နေတယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့လည်း သွေဖည်နေတယ်လို့ ဗဟိုအလုပ်ကော်မတီဘက်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်မှာ ဇူလိုင် ၉ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်း က အာဆီယံအစည်းအဝေးမှာ ဇူလိုင် ၁၂ ရက်နေ့က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်းနဲ့ ကျန်းကျန်းမာမာ ရှိနေကြောင်းလည်း ထိုင်းဝန်ကြီးက အာဆီယံ အစည်းအဝေးမှာ ထည့်သွင်းပြောခဲ့တာပါ။

NLD ဗဟိုအလုပ်ကော်မတီကတော့ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်နဲ့အညီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ အားစိုက်လုပ်ဆောင်သင့်တယ်လို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှု ၁၉ ခုအတွက် နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်အဆောက်အအုံတစ်ခုမှာ ထောင်ဒဏ် ၃၃ နှစ် ကျခံနေရပါတယ်။