ဒေါ်အောင်ဆန်းစုကြည် ထောင်သုံးနှစ် ထပ်ချခံရ၊ စုစုပေါင်း ၂၆ နှစ်အထိ ရှိလာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ထံကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ အဂတိမှု နှစ်မှုအတွက် အောက်တိုဘာ ၁၂ ရက် ဒီနေ့ရုံးချိန်းမှာ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ ထောင် သုံးနှစ် ထပ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၅ နဲ့ စွပ်စွဲထားတဲ့ အမှုနှစ်ခုအတွက် မန္တလေးတိုင်း တရားသူကြီး ဦးမြင့်ဆန်းက တစ်မှုကို သုံးနှစ်စီ ချမှတ်ခဲ့ပြီး တစ်ပေါင်းတည်း ကျခံဖို့ အမိန့်ချတာကြောင့် ထောင် သုံးနှစ် ကျခံရမှာ ဖြစ်ပါတယ်။ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၂ မှုအတွက် ထောင် ၂၃ နှစ် ချမှတ်ထားပြီး ဖြစ်တာကြောင့် လက်ရှိအချိန်ထိ စုစုပေါင်း ထောင် ၂၆ နှစ် ကျခံရမှာပါ။

အခုလို ပုဒ်မအမျိုးမျိုးနဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတာဟာ တရားရုံးတွေက စစ်ကောင်စီရဲ့ အလိုကျ လိုက်လုပ်ပေးနေတာဖြစ်ပြီး ဒါဟာ ဥပဒေနဲ့ မညီသလို တရားဝင်မှု မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

"နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို မတရားချုပ်နှောင်ထားပြီးတော့ မဟုတ်မမှန်ဘဲနဲ့ စွပ်စွဲပြီးတော့၊ အမှုပေါင်းများစွာ တန်းစီပြီးတော့ တရားစွဲတယ်။ သူတို့ရဲ့ တရားရုံးဆိုတဲ့ စစ်ကောင်စီခိုင်းတာ လုပ်နေတဲ့ ရုံးနေကနေပြီးတော့ အဲဒီမှာ မတရားအမိန့်ချတယ်ဆိုတာ ဒါကစစ်ကောင်စီကနေပြီးတော့ ဘယ်အမှုမှာ ဘယ်လောက်ထောင်ဒဏ် ချရမယ်ဆိုတာ တရားသူကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေကို သူတို့ရဲ့ ပြောကြားချက်၊ သူတို့ရဲ့ စခရစ်အတိုင်း တရားသူကြီးဆိုတဲ့သူတွေက လိုက်ပြီး လိုက်နာလုပ်ဆောင်နေရတဲ့အပိုင်းတွေ ရှိပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်တဲ့ ပြစ်ဒဏ်တွေဆိုတဲ့ဟာတွေက တရားဥပဒေနဲ့ လုံးဝ မကိုက်ညီပါဘူး။ တရားဝင်မဟုတ်ပါဘူး"

စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ ပြည်သူလူထုကို သတ်ဖြတ်မှုတွေ ကျူးလွန်နေပြီး သူတို့ကသာ ရာဇဝတ်မှုပေါင်းများစွာနဲ့ ပြစ်ဒဏ်ချမှတ်ခံရမယ့်သူတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီနေ့အမိန့်ချတဲ့အမှုဟာ ဦးမောင်ဝိတ်က သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြ ပေးအပ်ခဲ့တဲ့ အမေရိကန် ဒေါ်လာ ငါးသိန်းငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွင်း လေးကြိမ်ခွဲ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်က တရားလိုပြုလုပ်စွဲဆိုထားတာပါ။

အမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အောက်တိုဘာ ၄ ရက် အပြီးသတ် ရုံးချိန်းမှာ လျှောက်လဲခဲ့စဥ်က ဒီငွေတွေဟာ ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို သီးသန့်လှူဒါန်းတဲ့ငွေတွေဖြစ်ကြောင်း၊ အဲဒီငွေအားလုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်ငွေစာရင်းထဲမှာ မရှိဘဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ဘဏ်စာရင်းထဲမှာသာ ရှိနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း စက်တင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းအတွင်း သူ့မှာ အပြစ်မရှိကြောင်း ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

မေ ၃၁ ရက် ရုံးချိန်းမှာ တရားလိုပြသက်သေ ဦးမောင်ဝိတ် ကိုယ်တိုင် လာရောက် ထွက်ဆိုရာမှာလည်း ငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့သာ ရည်ရွယ်လှူဒါန်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး တရားခွင်အတွင်းမှာပဲ ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

"အပြစ်ပေးလို့မရဘူးဆိုတဲ့ကြားထဲက အပြစ်ပေးတယ်ဆိုတော့ မြန်မာပြည်မှာ ဥပဒေဆိုတာမရှိတော့ဘူး"

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ကိုယ်တိုင်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပေးတဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုထားတာကြောင့် ဒီအမှုနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တာက ဥပဒေနဲ့ မညီညွတ်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

"အဓိက ပေးပါတယ်ဆိုတဲ့ မောင်ဝိတ်က ကျနော် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပေးတာမဟုတ်ဘူးဆိုကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒီဟာနဲ့ အပြစ်ပေးလို့ မရဘူး။ အဲဒီလို အပြစ်ပေးလို့ မရဘူးဆိုတဲ့ကြားထဲက အပြစ်ပေးတယ်ဆိုတော့ မြန်မာပြည်မှာ ဥပဒေဆိုတာ မရှိတော့ဘူး။ စစ်အာဏာရှင်အလိုကျပဲ လိုက်စီရင်ပေးနေရတာဆိုတဲ့ဥစ္စာကို နောက်ထပ် သက်သေပြချက် တစ်ခုလို့ပဲ ဒီလိုပြောလို့ရပါတယ်"

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေအရ အကြောင်းအရာခိုင်လုံတဲ့ အမှုတွေအတွက် တရားစီရင်ခြင်း ခံရမှာဖြစ်ပြီး ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ အရင်က RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့မှာ ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက်အတွက် အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သလို စက်တင်ဘာ ၂၉ ရက်နေ့မှာ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်နဲ့ ပူးတွဲစွဲဆိုခံရတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ-၃ (၁) (ဂ)နဲ့ ထောင်သုံးနှစ် ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို နှစ်လဆက်တိုက် အခုလို အမိန့်တွေ ချလာတာဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ လုပ်နေတာ ဖြစ်သလို ပြည်တွင်း၊ ပြည်ပက ဆန့်ကျင်မှု တွေကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ပြနေတာလို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။

"လက်ရှိနိုင်ငံတကာ စာမျက်နှာမှာရော၊ ပြည်တွင်းစာမျက်နှာမှာရော သူရဲ့အုပ်ချုပ်ရေး ကို တည်ဆောက်ဖို့ နိုင်ငံတကာဆက်ဆံရေးမှာ သံတမန်ရေးအရ အောင်မြင်ဖို့အတွက် က သူ့ကို ကမ္ဘာ့ပြည်သူတွေ အားလုံးက ဆန့်ကျင်နေကြတယ်။ ကမ္ဘာ့အစိုးရတွေအားလုံး က သူ့ကို ဆန့်ကျင်နေကြတယ်။ ဒီဟာကြောင့်ပါ။ နောက်တစ်ချက်ကတော့ မဲတာပေါ့နော်။ လူဆိုးတစ်ယောက်က သူလိုချင်တာ မရလို့ရှိရင် ဓားစာခံကို ပိုပြီးတော့ အသံထွက်အောင် ညည်းတွားအောင် လုပ်တတ်တဲ့ သဘာဝပေါ့။ ဒီသဘောပါ"

dawkhinkyifoundation.jpg
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ ကျင်းပသည့် HCTA သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားမှာ တွေ့ရစဉ်။ (Photo: SOE THAN WIN / AFP)

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့ တာကြောင့် ဒီအမိန့်တွေကလည်း တရားမဝင်ဘူးလို့ သူက ဆိုပါတယ်။

ဒီအမှုအတွက် အထက်တရားရုံးကို အယူခံဆက်တက်သွားဖို့ရှိကြောင်းနဲ့ ဒီနေ့ ရုံးချိန်းကို လာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး လက်ရှိမှာ အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရသလို ကျန်တဲ့အမှု ငါးမှုကိုလည်း နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက်ရင်ဆိုင်နေရပါတယ်။

ကျန်နေသေးတဲ့ အမှု ငါးမှုကတော့ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေထဲကနေ ရဟတ်ယာဉ်ဝယ်ယူမှု၊ ငှားရမ်း အသုံးပြုမှု စတဲ့ကိစ္စတွေကို အဂတိအမှု ငါးမှု ခွဲပြီး တရားစွဲထားတာပါ။ အဲဒီအမှုတွေကိုလည်း တရားလိုပြသက်သေ တွေ စစ်ဆေးလို့မပြီးသေးခင်မှာပဲ နောက်လာမယ့် ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့် အပြီးသတ် လျှောက်လဲချက်ပေးဖို့ တရားသူကြီးက ဆုံးဖြတ်ထားပါတယ်။

ဒီလုပ်ရပ်တွေဟာ ၂၀၂၃ မှာလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးကစားကွက် ဖော်တာမျိုးအတွက် ဖြစ်နိုင်သလို လုံးဝ ပြန်လွှတ်မပေးတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအနာဂတ် တစ်ခုလုံးကို အဆုံးသတ်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က ပြောပါတယ်။

"အမှုအများကြီးချပြီးတော့မှ ပြန်လွှတ်တယ်ဆိုရင် ဒါက ကျေးဇူးတင်စရာ ပိုကောင်းတယ်ပေါ့။ ဒီလိုမျိုး သူတို့ ဘက်ကနေ သဘောထားကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့ ပုံရိပ်မျိုးထင်ဟပ်စေတယ်ပေါ့ အဲဒါကတစ်ခု ပေါ့နော် ပြန်လွှတ်ဖို့ အစီအစဉ်ရှိတာ။ ဒါမှမဟုတ် ဒီရွေးကောက်ပွဲအတွက် ပြင်ဆင်တာ ဘာညာ သူဒီလိုမျိုး အမှုတွေနဲ့ ဒီလောက်ထိ ချပြီးတော့မှ နောက်ရွေးကောက်ပွဲမှာ လူတွေ လက်ခံလာအောင် တစ်ခုခုပြန်သုံးဖို့ ပြင်တာပေါ့ အဲဒါမေးခွန်း တစ်ခုရှိတယ်။ နောက်တစ်ခုကတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှမ်းမိုးနိုင်မှု သြဇာကို လုံးဝမြန်မာ့နိုင်ငံရေးထဲကနေပြီးတော့ လုံးဝလျော့ကျသွားအောင်လို့ အမှုတွေအများကြီး ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကို အဆုံးသတ်ဖို့ သူတို့လုပ်လားဆိုတဲ့ဟာ မေးခွန်းနှစ်ခုရှိတာပေါ့။ အဲဒီနှစ်ခု ကလည်း ကျနော်တို့ မြင်ကြည့်လို့ရမယ်"

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ထောင်ဒဏ်တွေ ထပ်မံချမှတ်နေတာကို အပြင်းအထန် ရှုတ်ချကြောင်းနဲ့ သူအပါအဝင် နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရသူအား လုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆို ထားပါတယ်။

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်ထိ ပထမအကြိမ်၊ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်ထိ ဒုတိယအကြိမ်၊ ၂၀၀၃ ဒီပဲယင်း အရေးအခင်းအပြီး ၂၀၀၃ ကနေ ၂၀၁၀ ခုနှစ် အထိ တတိယအကြိမ် စစ်အစိုးရ အဆက်ဆက်ရဲ့ ဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရပါတယ်။

အခုတစ်ကြိမ်မှာလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာစသိမ်းတဲ့နေ့ မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး ဒီနေ့ထိ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ထား ပါတယ်။ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေကြတဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ တို့ရဲ့ ခရီးစဥ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ခွင့်မပြုဘဲ ငြင်းပယ်ထားဆဲဖြစ်ပါတယ်။